LG ဟာ  ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ စက္ကူလိုလိပ်နိုင်တဲ့ မျက်နှာပြင်ပါတဲ့ Rollable, စွမ်းရည်မြင့် Rainbow နဲ့ တန်ဖိုးနည်း  Q83 ကို ကြေညာဖို့ စီစဉ်နေပါတယ်။ LG ဟာ Rollable ဖုန်းကို ထုတ်လုပ်ရောင်းချတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်လာမှာပါ။ LG ဟာ ဒီဇိုင်း ဆန်းသစ်မှုနဲ့ စမတ်ဖုန်း နယ်ပယ်မှာ နေရာပြန်ရအောင် ကြိုးစားနေပါတယ်။

LG

LG ဟာ စွမ်းရည်မြင့်နဲ့ စွမ်းရည်နိမ့် စမတ်ဖုန်း ဈေးကွက်မှာ ခေါင်းပြန်ထောင်နိုင်အောင် စီစဉ်နေပြီး လက်ရှိမှာ LG Rollable ကို ချပြဖို့ စိုင်းပြင်းနေပါတယ်။ နောက် ၁ လုံးက စွမ်းရည်မြင့် LG Rainbow ဖြစ်ပြီး နောက်နှစ် မတ်လမှာ ကြေညာနိုင်ပါတယ်။ အဲဒီအချိန်လောက်မှာပဲ Rollable နဲ့ တန်ဖိုးနည်း Q83 ကို မိတ်ဆက်မှာပါ။

LG

LG Rollable အကြောင်းကို မသိသေးသူတွေအတွက် ပြောပြချင်ပါတယ်။ အဲဒီဖုန်းဟာ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေကို ဖန်တီးမယ့် LG Explorer Project ရဲ့ ဒုတိယမြောက် ထုတ်ကုန် ဖြစ်ပါတယ်။ ၆.၈ လက်မ မျက်နှာပြင်ကို ၇.၄ လက်မ အထိ ဆန့်ထုတ်နိုင်ပြီး ဒီလကုန် သို့မဟုတ် နောက်လ အစမှာ LG က စမ်းသပ်ဖို့ ပြင်ဆင်ထားပါတယ်။ LG ဟာ စမ်းသပ်မှုတွေအပေါ် အခြေခံကာ စွမ်းရည်မြင့် Rainbow ဖုန်း ကြေညာမယ့် အချိန်ကိုလည်း ထုတ်ပြန်တော့မှာပါ။

LG Rollable ရဲ့ ပြိုင်ဖက်တွေအပေါ် အားသာချက်က ပါးလွှာ ပေါ့ပါးမှု ဖြစ်ပါတယ်။ လက်ရှိ Foldable ဖုန်းတွေဟာ အရမ်းကို ထူတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် LG Rollable မှာ ခေါက်ချိုးရာလည်း မထင်တာက တော်တော်  မိုက်ပါတယ်။ မကြာခင်မှာ အဲဒီဖုန်းတွေအကြောင်း ပိုသိလာရတော့မှာပါ။

Ref : gizmochina