COVID-19 ကပ်ရောဂါ ကာလထဲမှာ နည်းပညာပြပွဲတွေ ကျင်းပတာကို ရပ်နားခဲ့ကြပေမယ့် ကမ္ဘာ့ အထင်ကရ နည်းပညာ ပြပွဲ ၁ ခု ဖြစ်တဲ့ IFA 2020 ကို စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပတော့မှာပါ။ အဲဒီ ပွဲမှာ COVID-19 လို ဗိုင်းရက်စ်တွေကို အနာဂတ်မှာ နှိမ်နင်းနိုင်မယ့် Electronic Mask နည်းပညာတွေကို ပြသတော့မှာက လူသားမျိုးနွယ်အတွက် အားတက်စရာပါ။

တောင်ကိုရီးယား အီလက်ထရောနစ် ဘီလူးကြီး LG က IFA 2020 မှာ နည်းပညာမြင့် Electronic Mask ၁ ခုကို ပြသမယ်လို့ ပြောပါတယ်။ အဲဒီ Electronic Mask ကို LG PuriCare Wearable Air Purifier လို့ နာမည်ပေးထားပါတယ်။

LG ရဲ့ နေအိမ်သုံး Air Purifier ထုတ်ကုန်တွေမှာ ပါတဲ့ Filters တွေဖြစ်တဲ့ H13 HEPA Filter ၂ ခုကို Mask မှာ တပ်ဆင်ထားပြီး ပန်ကာ ၂ လုံးနဲ့ Resperatory Sensor တွေက လေကို သန့်စင်ပေးပါတယ်။ ဝတ်ဆင်သူ အသက်ရှူတဲ့ လေပမာဏနဲ့ အကြိမ်ရေကို တွက်ချက်ပေးတဲ့ Sensor တွေ ထည့်သွင်းထားပြီး ပန်ကာ ၂ လုံးကို ချိန်ညှိပေးတဲ့အတွက် လေရှူသွင်း၊ ရှူထုတ်ရတာ  အဆင်ပြေပါတယ်။

LG က လည်ပင်း၊ နှာခေါင်းတို့ကနေ လေစိမ့်တာ နည်းအောင် ပြုလုပ်ပေးထားပြီး သက်တောင့်သက်သာရှိစွာ နာရီပေါင်းများစွာ ဝတ်ဆင်နိုင်တယ်လို့ ပြောပါတယ်။ Low Mode မှာ ၈ နာရီနဲ့ High Mode မှာ ၂ နာရီ အသုံးခံတဲ့ 820mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

ဒါ့အပြင် Electronic Mask အတွက် သယ်တဲ့ Case ကိုလည်း ထည့်ပေးထားမှာ ဖြစ်ပြီး Case ရဲ့ UV-LED Light က ပိုးမွှားတွေကို သတ်ပေးနိုင်သလို Mask ကို အားသွင်းပေးနိုင်ပါတယ်။ Case က Filter တွေ လဲဖို့လိုရင်လည်း Android , iOS က LG ThinQ Mobile App ထံ Notification ပေးပို့နိုင်ပါတယ်။

Ref : gizmochina