ဖုန်း ကုမ္ပဏီတွေဟာ ဒီဇိုင်း ဆန်းသစ်တဲ့ စမတ်ဖုန်းတွေနဲ့ ဈေးကွက်ကို အပြိုင်လုနေကြပါတယ်။ အခုဆိုရင် ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်ပါတဲ့ Foldable စမတ်ဖုန်းတွေတောင်ပေါ်လာပါပြီ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဒီဇိုင်းဆန်းသစ်တဲ့ LG  Wing စမတ်ဖုန်းရဲ့ Hands-on ဗီဒီယို ၁ ခုပေါက်ကြားထွက်ပေါ်ခဲ့ပြီး လှည့်ပတ်နိုင်တဲ့ မျက်နှာပြင်နဲ့ အပိုမျက်နှာပြင်ငယ် ပေါင်းစပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အခုလည်း အဲဒီ စမတ်ဖုန်းနဲ့ ဂိမ်းကစားနေတာကို ပြသထားတဲ့ ဗီဒီယို ၁ ခု ထွက်လာပြန်ပါတယ်။

Wing ရဲ့ ပင်မ မျက်နှာပြင်ကို အလျားလိုက် အနေအထားသို့ လှည့်လိုက်ရင် အရွယ်သေး အပို မျက်နှာပြင် ၁ ခု ထွက်လာမှာ ဖြစ်ပြီး T ပုံစံ ဖြစ်သွားပါတယ်။ ပင်မ မျက်နှာပြင်ရဲ့ အရွယ်အစားဟာ ၆.၈ လက်မ ဖြစ်ပြီး အရွယ်သေး မျက်နှာပြင်ရဲ့ အရွယ်အစားဟာ ၄ လက်မ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဗီဒီယိုမှာ ပင်မ မျက်နှာပြင်ကနေ ကားမောင်းတဲ့ ဂိမ်းကစားနေပြီး အပို မျက်နှာပြင်ကနေ ကားလမ်းကြောင်းကို ကြည့်နိုင်တာတွေ့ရပါတယ်။ အဲဒီ ဒီဇိုင်းရဲ့  တခြား အသုံးဝင်ပုံတွေကို မသိရသေးပေမယ့် လူသားတွေရဲ့ လူနေမှုဘဝတွေကို အကျိုးပြုမယ်ဆိုရင်တော့ ကြိုဆိုရမှာပါ။ မကြာခင်ကထွက်ခဲ့တဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

LG Wing ကို အမေရိကန်မှာ ဒေါ်လာ ၁,၀၀၀ လောက်နဲ့ ဒီနှစ် ဆောင်းရာသီမှာ ရောင်းချနိုင်ပြီး မြန်မာငွေ ၁၃ သိန်းလောက် ကျသင့်မှာပါ။ အနောက်ဘက်မှာ 64MP Main အပါအဝင် ကင်မရာ ၃ လုံးနဲ့ Qualcomm Snapdragon 765G Chipset တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena