ကိုရီးယားအခြေစိုက် T1 Esports အဖွဲ့အစည်းဟာ ကိုရီးယား အာမခံ ကုမ္ပဏီ Hana Bank နဲ့ မကြာသေးခင်က ပူးပေါင်းကြောင်း ကြေညာခဲ့ပြီး သူတို့ရဲ့ ဆုံတွေ့မှုဟာ အကြံဉာဏ်ဖလှယ်ရုံနဲ့ ငွေရေးကြေးရေး အကြောင်းသာ မဟုတ်ခဲ့ပါဘူး။

ဒီအဖွဲ့အစည်းကြီး နှစ်ခုရဲ့ သဘောတူညီချက်ထဲမှာ “Faker ရဲ့ ညာဘက်လက် အာမခံ” လို့ ခေါ်တဲ့ သဘောတူညီချက် တစ်ခုကို ထည့်သွင်းထားပြီး T1 ဟာ အသင်းရဲ့ နာမည်ကြီးကစားသမား Faker (အမည်ရင်း Lee Sang-Hyeok) ရဲ့ ညာဘက်လက်ကို ကိုရီးယားဝမ်ငွေ တစ်ဘီလီယံ (မြန်မာငွေ ၁၁၄၁ သန်း) နဲ့ အာမခံထားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Faker ဟာ LOL သမိုင်းတလျှောက်မှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး ကစားသမားတစ်ယောက်ဖြစ်ပြီး အရင်နှစ်ကလည်း ချက်လက်မှတ်အလွတ်မှာ စိတ်ကြိုက် ငွေပမာဏ ရေးသွင်းနိုင်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Faker ကတော့ T1 အသင်းတစ်သင်းတည်းမှာပဲ စွဲစွဲမြဲမြဲ ကစားဖို့ ရွေးချယ်ခဲ့ပြီး အသင်းရဲ့ ရှယ်ယာ တစ်စိတ်တစ်ပိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အရင်က အားကစားသမားတွေနဲ့ နာမည်ကျော်တွေက သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဒေါ်လာ သိန်းနဲ့ချီပြီး အာမခံကြဖူးပေမယ့် Esports နယ်ပယ်ထဲမှာ အခုလို အကြီးစား အာမခံထားလာတာတော့ အခုမှ ပထမဆုံး ကြားဖူးတာပါ။ Faker ကတော့ သူနဲ့ အခြား ကစားသမားတွေဟာ Hana Bank နဲ့ ပူးပေါင်းမှုကြောင့် ဘဏ္ဍာရေး စီမံကိန်းတွေ ပြင်ဆင်ခွင့် ရလာတဲ့အတွက် ဝမ်းသာပါတယ် လို့ပဲ ဖြေကြားခဲ့ပါတယ်။

Ref – OneEsports