macOS ရဲ့ Malware အရေအတွက်ဟာ Windows ထက် ပထမဆုံး အကြိမ်များသွားပြီဆိုပြီး ဆိုက်ဘာလုံခြုံရေး ဆော့ဖ်ဝဲ ကုမ္ပဏီ Malwarebytes ရဲ့ နောက်ဆုံး Malware စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၉ မှာ စစ်တမ်းကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး အသေးစိတ် သတင်းအချက်အလက်တွေကို အောက်ပါ ရုပ်ပုံကားချပ်မှာ လေ့လာနိုင်ပါတယ်။

ပျမ်းမျှအားဖြင့် Mac Device ၁ လုံးမှာ Threats ၁၁ ခုရှိပြီး Windows ရဲ့ ၅.၈ ထက် ၂ ဆလောက် ပိုများနေပါတယ်။ အရင်ကတော့ Malware တွေဟာ Windows OS မှာ ပိုများပြီး အခုမှသာ ပထမဆုံး အနေနဲ့ macOS မှာ ပိုများသွားတာပါ။ ၂၀၁၈ မှာ Mac Device ၁ လုံးမှာ Threats ၄.၈ ခုပဲရှိခဲ့တာပါ။

Malwarebytes က macOS Users တွေဟာ Anti-malware အသုံးပြုမှု အရမ်း များပြားလာတယ်လို့ ပြောပါတယ်။ Malwarebytes က “ Mac သုံးရင်လည်း Virus ကိုက်နိုင်တယ်ဆိုတာ လူတွေ သိဖို့လိုအပ်ပါတယ်။ “ လို့ ရှင်းပြပါတယ်။ Windows ကွန်ပြူတာတွေဟာ ဈေးကွက်ဝေစု အများဆုံးရထားတဲ့အတွက် Malware တွေ ပိုများခဲ့ပြီး နှစ်ပေါင်းများစွာ ဟက်ကာတွေရဲ့ ပစ်မှတ်ကြီးဖြစ်နေခဲ့တာပါ။ အခုတော့ Apple ရဲ့ ကွန်ပြူတာတွေဟာ လူသုံးများလာတဲ့အတွက် ဟက်ကာတွေက macOS ကို မျက်စိကျလာကြတာပါ။ Malwarebytes က ၂၀၁၈ ကထက် ၂၀၁၉ မှာ Mac Device တွေရဲ့ Threats ဟာ ၄၀၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ ပြောပါတယ်။

စစ်တမ်းက OS တွေအကြားမှာ Threats အမျိုးအစားတွေ ကွဲပြားကြတယ်လို့ ဖော်ပြထားပါတယ်။ Windows Device တွေမှာ သမားရိုးကျ Malware တွေများပြီး  ထိပ်တန်း Mac Threats ၁၀ ခုမှာ Adware နဲ့ Unwanted Program တွေ များပါတယ်။

Ref : gizchina