သင့် အိမ်က အီလက်ထရောနစ် ပစ္စည်းအားလုံးကို အားသွင်းပေးနိုင်တဲ့ Power Bank လိုချင်သူတွေအတွက် သတင်းကောင်းတက်လာပါတယ်။ တရုတ်က YouTube စတား Handy Geng က ထူးထူးဆန်းဆန်း အရွယ်ကြီး 27,000,000mAh Power Bank ကို တီထွင်လိုက်ပါတယ်။ အဲဒီ Power Bank ဟာ စမတ်ဖုန်း ထောင်ဂဏန်းကို အားသွင်းပေးနိုင်ရုံ သာမက အဝတ်လျှော်စက်နဲ့ တီဗီလို နေအိမ်သုံး အီလက်ထရောနစ် ပစ္စည်းတွေကိုပါ လျှပ်စစ် ဓါတ်အားပေးနိုင်ပါတယ်။

Geng ရဲ့ Power Bank ကိုယ်ထည်ဟာ အလျား ၅ ပေ ၉ လက်မနဲ့ အနံ ၃ ပေ ၉ လက်မရှိပါတယ်။ အဲဒီ အရွယ်အစားဟာ သယ်ဆောင်လို့ မလွယ်ကူတဲ့အတွက် သူဟာ သယ်ရလွယ်အောင် ဘီးတွေ တပ်ဆင်ပေးထားပါတယ်။

လျှပ်စစ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ ပြားပြားချပ်ချပ် ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ Geng က 27 Million mAh Power Bank ဟာ 3,000mAh ဘက်ထရီ ပါတဲ့ ဖုန်း အလုံး ၅,၀၀၀ ဝန်းကျင်ကို အားသွင်းဖို့ လုံလောက်တယ်လို့ ပြောပါတယ်။ မိုဘိုင်း Device များစွာကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ Power Sockets ပေါင်း ၆၀ တပ်ဆင်ထားပါတယ်။

Geng ဟာ နေအိမ်ပြင်ပမှာ အဲဒီ အရွယ်ကြီး Power Bank ကို နေအိမ်သုံး အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ချိတ်ဆက်ကာ အသုံးပြုပြခဲ့တာက တော်တော်အထင်ကြီးစရာကောင်းပါတယ်။ ဗီဒီယိုမှာ သူဟာ မြစ်ကမ်းနဘေးမှာ ငါးမျှားနေရင်း Power Bank နဲ့ ချိတ်ဆက်ကာ အရွယ်ကြီး တီဗီနဲ့ အဝတ်လျှော်စက်ကို အသုံးပြုနေတာ မြင်ရပါတယ်။ ဖမ်းမိတဲ့ ငါးကို လျှပ်စစ် မီးဖိုနဲ့တောင် ချက်ပြနေပါသေးတယ်။

Ref : techspot