နည်းပညာဟာ အားကစားလောကမှာလည်း ကြီးမားတဲ့အရေးပါမှုကို ပြသနေပါပြီ။ အားကစားယှဉ်ပြိုင်မှုတွေရဲ့ နောက်ကွယ်မှာ နည်းပညာက ဘက်ပေါင်းစုံကနေ ထောက်ပံ့ပေးနေတာကို အထူးသဖြင့် ဘောလုံးပွဲတွေမှာပိုပြီး ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။

အခုဆိုရင် နည်းပညာရဲ့ ဖြန့်ကျက်လွှမ်းမိုးမှုအောက်မှာ ပါဝင်ယှဉ်ပြိုင်တဲ့ကစားသမားတွေ၊ ပြိုင်ပွဲနဲ့ပတ်သက်နေသူတွေတင်မကတော့ပါဘူး။ ပရိသတ်တွေလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးက သူ့ပရိသတ်တွေရဲ့ ဇီဝဗေဒဆိုင်ရာအချက်အလက်တွေကို နည်းပညာအသုံးပြုပြီး စုဆောင်းသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ Smart scarf ကို ဖန်တီးဖို့ Cisco နဲ့ လက်တွဲခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စွာနားလည်နိုင်စေဖို့ Biosensors တွေကို သယ်ဆောင်သွားသင့်တယ် ဆိုတာပါပဲ။ ဒီလိုနဲ့ မန်စီးတီးအသင်းရဲ့ စမတ်လည်စည်းကိစ္စက အစပြုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးရဲ့ စမတ်လည်စည်းက ဘယ်လိုအလုပ်လုပ်လဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီစမတ်လည်စည်းမှာ EmotiBit sensor ကိုအသုံးပြုထားပြီး အဓိကအားဖြင့် ပရိသတ်တွေရဲ့ လည်ပင်းကတစ်ဆင့် စိတ်ခံစားချက်တွေကို ခြေရာခံဖို့ ဖြစ်ပါတယ်။ တရားဝင်ဖော်ပြချက်အရ ဒီအာရုံခံကိရိယာအပြင် PPG sensor, accelerometer, temperature sensor နဲ့ Electrodermal activity (EDA) sensor တွေလည်း ပါဝင်နေသေးကြောင်း သိရပါတယ်။

ဒီ အာရုံခံကိရိယာတွေဟာ Fitness tracker တွေမှာပါဝင်တဲ့ သာမန် Sensors တွေပါပဲ။ နောက်ဆုံးအနေနဲ့ကတော့ EDA sensor ကို Fitbit Sense မှာ တွေ့နိုင်တာပါ။ ဒီ Sensor ဟာ စိတ်ဖိစီးမှုအဆင့်ကို ဆုံးဖြတ်ဖို့အတွက် ဝတ်ဆင်သူရဲ့ အရေပြားချွေးထွက်မှုအပါအဝင် အနည်းငယ်ပြောင်းလဲမှုတွေကို တိုင်းတာပါတယ်။ ဒီနည်းနဲ့ ချဉ်းကပ်မှုပေါ်အခြေခံပြီး စိတ်ခံစားမှုအခြေအနေကို နည်းလည်နိုင်တာ ဖြစ်ပါတယ်။

Ref: Gizchina