ယခုနှစ်အတွင်းမှာ 5G စမတ်ဖုန်းတွေထုတ်လုပ်မှုများပြားလာတာနဲ့အတူ 5G Chipset တွေကိုလည်း ဆက်တိုက်ကို ထုတ်လုပ်ရောင်းချနေရပါတယ်။ အထူးသဖြင့် MediaTek ရဲ့ Dimensity 800 နဲ့ 820 5G Chipset တွေဟာ Mid Range စျေးကွက်ထဲမှာ အောင်မြင်မှုရရှိခဲ့ပြီး Xiaomi ၊ Huawei နဲ့ Honor လိုမျိုး ကုမ္ပဏီတွေကပါ အသုံးပြုနေတာဖြစ်ပါတယ်။

အခုလည်း MediaTek ကနေ စျေးပိုသက်သာတဲ့ 5G Chipset Series အသစ်ကို မိတ်ဆက်သွားတေ့ာမှာဖြစ်ပါတယ်။ အဆိုပါ Chipset တွေဟာ Dimensity Series အောက်မှာပဲ မိတ်ဆက်သွားမှာဖြစ်ပြီး Dimensity 600 Series လို့နာမည်ပေးထားတယ်လို့သိရပါတယ်။

Qualcomm အနေနဲ့လည်း Snapdragon 600 Series တွေထဲမှာ ပထမဆုံး 5G Support ရရှိတဲ့ Snapdragon 690 Chipset ကို မိတ်ဆက်ခဲ့ပြီးပေမယ့် လက်ရှိအချိန်အထိ အသုံးပြုထားတဲ့ စမတ်ဖုန်းမရှိသေးဘူးဖြစ်ပါတယ်။ အဲ့ဒီအတွက် MediaTek ရဲ့ ဒီ Dimensity 600 Series 5G Chipset တွေဟာ Qualcomm ရဲ့ Mid Range 5G Chipset တွေထက် ပိုပြီးအောင်မြင်လာနိုင်ပါတယ်။

နောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Dimensity 600 Series 5G Chipset တွေကို ယခုလအတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။ အဆိုပါ Chipset တွေအသုံးပြုထားတဲ့ Mid Range ဖုန်းအသစ်တွေကိုတော့ လာမယ့် ၂၀၂၀ စတုတ္ထ ၃ လပတ်အတွင်းမှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု ၂၀၂၀ ခုနှစ်မှာ 5G စမတ်ဖုန်းတွေဟာ စျေးနှုန်းအနေနဲ့ပိုပြီး သက်သာလာမှာတော့သေချာနေပါပြီ။

Ref – Gizmo China