5G ကွန်ရက်ချိတ်ဆက်မှုတွေ ပိုပြီးကျယ်ပြန့်လာတာနဲ့အတူ 5G စမတ်ဖုန်းဝယ်လိုအားကလည်း ပိုပြီးတိုးတက်များပြားလာပါတယ်။ ပြီးခဲ့တဲ့နှစ်က 5G စမတ်ဖုန်း ရောင်းအားကို ဒီနှစ်နဲ့နှိုင်းယှဉ်ကြည့်ရင် သိသိသာသာ တိုးတက်များပြားလာတာကို တွေ့နိုင်ပါတယ်။

5G စမတ်ဖုန်း ဝယ်လိုအားမြင့်မားလာတာနဲ့အတူ စမတ်ဖုန်းထုတ်လုပ်သူတွေဆီကလည်း 5G processor ဝယ်လိုအားတွေလည်း မြင့်တက်လာရပါတယ်။ လက်ရှိအချိန်မှာ MediaTek နဲ့ Qualcomm တို့က 5G processor ထောက်ပံ့မှုမှာ အပြိုင်အဆိုင် ဖြစ်နေကြတဲ့အနေအထားပါ။

Huawei နဲ့ Samsung တို့ဟာ ကိုယ်ပိုင် Chipset တွေ ထုတ်လုပ်နေပြီဖြစ်ပေမယ့် များသောအားဖြင့်တော့ သူတို့အမှတ်တံဆိပ်မှာပဲ ပြန်သုံးကြတာဖြစ်ပါတယ်။ Samsung ရဲ့ 5G Exynos chipset ကို Vivo Y70s မှာသုံးထားတာမျိုးကတော့ ရှားပါးဖြစ်စဉ်လို့ ဆိုရမှာပါ။

DigiTimes ရဲ့ ဖော်ပြမှုအရ ထိုင်ဝမ်က Chip ထုတ်လုပ်သူတွေဟာ ၂၀၂၀ အတွင်းမှာ 5G ဟန်းဆက်တွေအတွက် SoC ပေါင်း သန်း ၈၀ ကျော် တင်ပို့ရမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် တင်ပို့ရောင်းချမှုအများစုကလည်း တရုတ်ဟန်းဆက်ရောင်းချသူတွေဆီကိုပဲဖြစ်တယ်လို့ အရိပ်အမြွက်ရေးသားဖော်ပြထားပါသေးတယ်။

ဒါဟာ တရုတ်နိုင်ငံတွင်း 5G ကွန်ရက်လွမ်းခြုံမှုအတိုင်းအတာ ကျယ်ပြန့်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် MediaTek ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ပိုင်ဆိုင်မှုဟာ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေနိုင်ပြီး ကုမ္ပဏီအတွက် အဓိကတိုးတက်မှုဖြစ်စဉ်ဆီ မောင်းနှင်သွားနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ခန့်မှန်းဖော်ပြချက်တွေအရ MediaTek ရဲ့ စီမံကိန်းဟာ ၂၀၂၀ ပြည့်နှစ်အတွင်း 5G mobile SoC ပေါင်း သန်း ၂၀၀ ထက်မနည်း တင်ပို့ရောင်းချနိုင်ဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ကမ္ဘာ့ကပ်ရောဂါကြောင့် စမတ်ဖုန်းရောင်းချမှုတွေ နှေးကွေးခဲ့သလို ကုမ္ပဏီတွေအနေနဲ့လည်း မူလရည်မှန်းထားတဲ့ရောင်းအားကို ပြည့်မီအောင်ရောင်းချနိုင်ခြင်း မရှိကြတာကို ဝမ်းနည်းစရာအဖြစ် မြင်တွေ့ကြရပါတယ်။

လက်ရှိအချိန်မှာ MediaTek ဟာ Dimensity 1000 series, Dimensity 800 series နဲ့ Dimensity 820 series စတာတွေအပါအဝင် 5G processor တွေကို မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ကောလဟလတွေကတော့ MediaTek ရော Qualcomm ကပါ ဒီနှစ်ရဲ့ တတိယသုံးလပတ်အတွင်းမှာ Entry-level 5G smartphone processor တွေကို မိတ်ဆက်မယ်လို့ ဆိုပါတယ်။

Ref: Gizmochina