သတင်းထွက်နေတာ လအနည်းငယ်ကြာပြီဖြစ်တဲ့ Meizu 17 ဖုန်းအတွက် Render ပုံရိပ်တွေ ယနေ့မှာထွက်ပေါ်လာခဲ့ပြီး စမတ်ဖုန်းအသစ်ရဲ့ ဒီဇိုင်းကို ပထမဆုံးအကြိမ်မြင်တွေ့ လာခဲ့ရပါတယ်။ ဒီဖုန်းဟာ Meizu ရဲ့ မျိုးဆက်သစ် Flagship ဖြစ်လာမှာပါ။

တရုတ်အခြေစိုက် Meizu ကုမ္ပဏီဟာ ပြီးခဲ့တဲ့လပိုင်းမှာ သိပ်ပြီး သတင်းမထွက်ခဲ့ဘဲ ထုတ်ကုန်သစ်တွေ မိတ်ဆက်နိုင်ဖို့ ကြိတ်ပြီးကြိုးစားနေခဲ့ပုံရပါတယ်။ အခုထွက်ပေါ်လာတဲ့ Meizu 17 ရဲ့ ပုံတွေကတော့ Weibo ကနေ ပေါက်ကြားလာခဲ့တာဖြစ်ပြီး ဖုန်းအသစ်ရဲ့ ရှေ့နောက်ဒီဇိုင်းတွေကို ဖော်ပြလာခဲ့တာပါ။

ပုံကိုကြည့်ရင် ဒီစမတ်ဖုန်းသစ်ဟာ ရှေ့ဘက်မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေတဲ့ Bezel-less Screen ပါဝင်လာတာ တွေ့ရမှာပါ။ အပေါ်ဘက် အလည်တည့်တည့်မှာတော့ Punch-hole အရာလေးကို မြင်တွေ့ရပြီး Selfie အတွက် Punch-hole ကို အသုံးပြုလာမယ်ဆိုတာ ပေါ်လွင်ပါတယ်။ Meizu 17 ရဲ့ Display ဟာ ဘေးဘက်ကိုပါ Curved ပုံစံနဲ့ ဖုံးလွှမ်းထားတာကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။

နောက်ဘက်ကိုကြည့်ရင်တော့ စက်ဝန်းပုံသဏ္ဍာန် Camera Module ကိုလည်း အလည်တည့်တည့်မှာပဲ ထားလာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီပုံအရတော့ Quad-camera ကို Ring တစ်ခုထဲ ထည့်သွင်းထားပြီး LED Flash သီးသန့်ထည့်ထားတာကို မတွေ့ရတာကြောင့် သူကပဲ LED Flash အဖြစ် တာဝန်ယူလာမယ်လို့ ယူဆရပါတယ်။

အတွင်းပိုင်းမှာ Meizu 17 ဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 865 5G ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး တရုတ် Flagship တွေရဲ့ မပါမဖြစ်လို ဖြစ်နေတဲ့ 5G ချိတ်ဆက်နိုင်စွမ်း ပါဝင်လာမှာပါ။ အခြား Specs တွေကိုတော့ မသိရသေးဘဲ ကုမ္ပဏီဘက်က တရားဝင် Tease လုပ်လာတာကို စောင့်ရဦးမှာဖြစ်ပါတယ်။

Ref – Gizmo China