Meizu ဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ တရုတ်နိုင်ငံအတွင်းမှာ အစောဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ခေတ်ကောင်းခဲ့စဥ်တုန်းက Meizu ဟာ တစ်နှစ်ကို စမတ်ဖုန်းအလုံးရေ ၁၀ သန်းအထိ ရောင်းချနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်နှစ်ကို စမတ်ဖုန်း ၁ သန်းဝန်းကျင်သာ ရောင်းချနေရပြီး ကုမ္ပဏီကိုလည်း Xingji Shidai Technology ဆီကို ရောင်းချလိုက်ရပြီဖြစ်ပါတယ်။

အဆိုပါ Xingji Shidai Technology ဟာ တရုတ်နိုင်ငံ အခြေစိုက် ကားကုမ္ပဏီဖြစ်တဲ့ Geely ရဲ့ Chairman ကနေ တည်ထောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Meizu ရဲ့ နည်းပညာတွေဟာ Geely ကားတွေအပေါ်မှာ သက်ရောက်နိုင်မလားဆိုပြီး အစောပိုင်းတုန်းက ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမယ့် လောလောဆယ်မှာတော့ Meizu ဟာ တရုတ်နိုင်ငံတွင်း Showroom တွေကို အရင်ဆုံး ပြောင်းလဲသွားဖို့ စီစဥ်နေပြီလို့ သိရပါတယ်။​ အထူးသဖြင့် Flagship Showroom တွေကို ယခုထက် ပိုမိုကြီးမားအောင် တည်ဆောက်သွားပြီး စမတ်ဖုန်းတွေအပြင် မော်တော်ကားတွေကိုပါ ထည့်သွင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး Meizu Showroom တွေမှာ မော်တော်ကားတွေကို ရောင်းချသွားမယ်ဆိုပေမယ့် Meizu နာမည်နဲ့တော့ ကားထုတ်သွားမှာမဟုတ်သေးဘဲ Geely Brand ကားတွေကိုပဲ ပြသရောင်းချသွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Geely ကုမ္ပဏီဟာ Meizu Showroom တွေမှာ ကားတွေကို ပြသရောင်းချသွားဖို့တင်မဟုတ်ဘဲ Full Service ပြင်ဆင်မှုတွေကိုပါ ပြုလုပ်သွားဖို့ စီစဥ်နေတယ်လို့ သိရတဲ့အတွက် Meizu အနေနဲ့ စမတ်ဖုန်းစျေးကွက်မှာ ယခင်လိုမျိုးနေရာပြန်လည်ရယူနိုင်ဖို့ကတော့ ခက်ခဲသွားပြီလို့ ယူဆရပါတယ်။

Ref – ArenaEV