Meizu ဟာ ၂၀၂၀ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်းမှာ Flyme for Watch ကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ လအနည်းငယ်က အသိပေးခဲ့ပါတယ်။ Flyme OS ဟာ Meizu ရဲ့ စမတ်ဖုန်း OS ဖြစ်ပြီး Meizu က စမတ်နာရီအတွက်ပါ Flyme OS ကို ဖန်တီးနေတဲ့ သဘော ဖြစ်ပါတယ်။ နောက်ထွက်မယ့် Meizu Watch မှာ အဲဒီ OS ပါလာနိုင်ပါတယ်။ Meizu ဟာ စမတ်နာရီ ၁ လုံးထဲ ထုတ်လုပ်ရောင်းချထားဖူးပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Meizu MIX ဖြစ်ပါတယ်။

Meizu Watch အတွက် Flyme for Watch စာမျက်နှာ ၁ ခုကို ဝီဘိုမှာ လွှင့်တင်ထားပြီ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ကွာတား ၄ မှာ ကြေညာမယ်လို့ အသိပေးထားပါတယ်။ အဲဒီအတွက် Meizu ရဲ့ စမတ်နာရီ အသစ် ၁ လုံးကို မြင်ရဖို့ သိပ်မလိုတော့ပါဘူး။

ဝီဘိုက နာမည်ကျော် ဘလော့ဂါ Vetrax ကလည်း Meizu Watch စမတ်နာရီကို ကွာတား ၄ မှာ ကြေညာမယ်လို့ ပြီးခဲ့တဲ့ လက သတင်းပေးခဲ့ပါတယ်။ Meizu Technology Co. Ltd ဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ မူပိုင်ခွင့် ၂ ခုကို မှတ်ပုံတင်ခဲ့ပြီး Meizu Watch နဲ့ Flyme for Watch လို့ နာမည်ပေးထားပါတယ်။ ဒါ့အပြင် Meizu Flyme ရဲ့ ၈ နှစ်ပြည့် ပိုစတာမှာ စမတ်နာရီ ၁ လုံး ပုံကို မြင်ရပါတယ်။ ဒါပေမယ့် ပိုစတာမှာ စမတ်နာရီရဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။

Meizu ဟာ စမတ်ဖုန်းတွေကိုပဲ အဓိက ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ စမတ်နာရီ နယ်ပယ်မှာ Meizu မှတ်တိုင် ၁ ခု စိုက်ထူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizchina