ဂျာမနီ တန်ဖိုးကြီးကား ထုတ်လုပ်သူ Mercedes က ခေတ်ရှေ့ပြေး နည်းပညာတွေပါတဲ့ Concept လျှပ်စစ်ကားကို ပြသလိုက်ပါတယ်။ EQXX လို့ နာမည်ပေးထားပြီး ၁ ခါအားအပြည့်သွင်းထားရင် မိုင် ၆၂၀ တောင် မောင်းနှင်နိုင်ပါတယ်။ ကားကို စွန့်ပစ် ပစ္စည်းနဲ့ ရေရှည်တည်တန့်တဲ့ ပစ္စည်းများစွာနဲ့ တည်ဆောက်ထားပြီး ကားအတွင်းပိုင်း ဒီဇိုင်းနဲ့ ပစ္စည်းတွေကိုလည်း ရေရှည်တည်တန့်တဲ့ အရာတွေနဲ့ ဖန်တီးထားကာ အဲဒီအထဲမှာ မှို ဖိုက်ဘာ၊ ရှားစောင်းပင်နဲ့ စားကြွင်းစားကျန်တွေတောင် ပါပါတယ်။

Mercedes EQXX concept EV

EQXX ရဲ့ မိုင် ၆၂၀ မောင်းနှင်နိုင်တဲ့ စွမ်းရည်ကို Simulation နဲ့ စမ်းသပ်ထားတာ ဖြစ်ပြီး လက်တွေ့ ကမ္ဘာမှာ တကယ် မောင်းနှင်နိုင်တဲ့ အကွာအဝေးကတော့ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် Mercedes ကတော့ Simulation နဲ့ စမ်းသပ်ထားတဲ့အတိုင်း လက်တွေ့ ကမ္ဘာမှာ မောင်းနှင်နိုင်မယ်လို့ ပြောပါတယ်။ ကုမ္ပဏီက တကယ် စမ်းသပ်တဲ့ အချိန်မှာ မိုင် ၆၂၀ ထက် ကျော်လွန်ဖို့ မျှော်လင့်ထားပြီး ဒီနှစ်နှောင်းပိုင်းမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။

Mercedes EQXX concept EV

Mercedes က EQXX ရဲ့ စွမ်းရည်မြင့် အစိတ်အပိုင်းတွေကို ၂၀၂၄ ခုနှစ်မှာ ထုတ်မယ့် ကုမ္ပဏီရဲ့ လျှပ်စစ်ကားတွေမှာ ထည့်သွင်း အသုံးပြုမယ်လို့ ပြောပါတယ်။ အဲဒီအထဲက အစိတ်အပိုင်းတွေထဲမှာ ဘက်ထရီ၊ လျှပ်စစ် မော်တာနဲ့ တခြား သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တဲ့ အရာတွေ ပါပါတယ်။ EQXX ရဲ့ ဘက်ထရီဟာ EQS Sedan လျှပ်စစ်ကားထက် ၃၀ ရာခိုင်နှုန်း ပိုမို ပေါ့ပါးပါတယ်။ Mercedes EQS ဟာ ၄၈၇ မိုင်မောင်းနှင်နိုင်ပြီး EQXX ကတော့ ဘက်ထရီ ပိုပေါ့ပါးပေမယ့် ဝေးဝေး ပိုမောင်းနှင်နိုင်ပါတယ်။ Mercedes က EQXX ဟာ Tesla Model S Long Range ထက်တောင် ပိုဝေးဝေး မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။

Mercedes EQXX Concept လျှပ်စစ်ကားဟာ တီထွင်ဆန်းသစ်မှုနဲ့ အထင်ကြီးစရာလုပ်ဆောင်ချက် များစွာ ပါတဲ့ ကား ဖြစ်ပြီး  အနာဂတ်မှာ ထုတ်လုပ်မယ့် Mercedes ရဲ့ လျှပ်စစ်ကားတွေမှာ EQXX ရဲ့ နည်းပညာတွေ ပါလာမှာကို ရင်ခုန်စွာစောင့်ကြည့်ရမှာပါ။

Ref : gizmochina