Meta ဟာ သူ့ရဲ့ ပလက်ဖောင်းပေါ်က ကြော်ငြာရှင်တွေအနေနဲ့ အသက် ၁၈ နှစ်အောက် အသုံးပြုသူတွေကို ပစ်မှတ်ထားပုံနဲ့ပတ်သက်ပြီး ထပ်မံကန့်သတ်ထားကြောင်း ကြေညာလိုက်ပါတယ်။ လာမဲ့လကစတင်ပြီး ကုမ္ပဏီဟာ ကြော်ငြာရှင်တွေအတွက် Facebook နဲ့ Instagram ပေါ်က ကလေးတွေကို ကျား၊ မ အလိုက် ပစ်မှတ်ထားနိုင်တဲ့ Ability ကို ဖယ်ရှားလိုက်ပေမဲ့ အသက်နဲ့ တည်နေရာကိုတော့ ဆက်ပြီး ပစ်မှတ်ထား အသုံးပြုနိုင်သေးတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ Meta ဟာ ဆယ်ကျော်သက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုနဲ့ လုပ်ဆောင်ချက်ပေါ်အခြေခံပြီး ကြော်ငြာပစ်မှတ်ထားနိုင်မှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် လက်တလော စည်းမျဉ်းစည်းကမ်းတွေကိုလည်း တင်းကြပ်လိုက်တာကြောင့် ကြော်ငြာရှင်တွေအနေနဲ့ Instagram နဲ့ Facebook စာမျက်နှာတွေမှာ ဆယ်ကျော်သက်တွေကို အခြေခံထားတဲ့ Engagement ကို ပစ်မှတ်ထားလို့ ရတော့မှာ မဟုတ်ပါဘူး။

မတ်လကနေ စတင်ပြီး ဆယ်ကျော်သက်တွေဟာ သူတို့မြင်ရတဲ့ ကြော်ငြာအမျိုးအစားကို (အတော်အသင့်) ထိန်းချုပ်နိုင်ဖို့ ကိရိယာတွေ ပိုမိုရရှိလာမယ်လို့လည်း သိရပါတယ်။ ကြော်ငြာစိတ်ကြိုက်ရွေးချယ်မှုတွေအောက်မှာ သူတို့ဟာ ကြော်ငြာနည်းနည်းသာ ကြည့်လိုတဲ့ အကြောင်းအရာတွေကို ရွေးချယ်နိုင်ပေမဲ့ အချို့သော ထုတ်ကုန်၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေအကြောင်းကြော်ငြာတွေကိုတော့ လုံးဝပိတ်ပစ်ဖို့ နည်းလမ်းရှိလာဦးမှာမဟုတ်သေးဘူးလို့လည်း သိရပါတယ်။

ဆိုရှယ်မီဒီယာကုမ္ပဏီတွေဟာ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အသုံးပြုသူတွေကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ကြာမြင့်တဲ့အချိန်ကာလကတည်းက အငြင်းပွားဖွယ်ရာအကြောင်းအရာ တစ်ခုအဖြစ်ရှိနေခဲ့သလို မကြာခဏဆိုသလို ပြဿနာတွေလည်း ပေါ်ပေါက်လေ့ရှိပါတယ်။ အခုအချိန်မှာတော့ ကုမ္ပဏီဟာ အရွယ်ရောက်ပြီးသားဆယ်ကျော်သက်တွေအနေနဲ့ ကြော်ငြာအတွက် သူတို့ရဲ့ အွန်လိုင်းဒေတာကို ဘယ်လိုအသုံးချမယ်ဆိုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ အတွက်မဖြစ်မနေလိုအပ်ကြောင်း ထည့်သွင်းစဉ်းစားနေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ Meta ဟာ ကလေးသူငယ်တွေအတွက် ကြော်ငြာခြင်းကို ဆိုင်းငံ့ထားခြင်းမဟုတ်ပါဘူး။ အသက်အရွယ်အလိုက် သင့်လျော်ပြီး တည်နေရာအလိုက် ကြော်ငြာတွေပြသဖို့အတွက် အသက်နဲ့ တည်နေရာကို ပစ်မှတ်ထားဖို့ လိုအပ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Ref: The Verge