Microsoft က နောက်မျိုးဆက် ဒတ်စတော့ Operating System ဖြစ်တဲ့ Windows 11 ကို ကြေညာလိုက်ပါတယ်။ Windows 11 မှာ UI ကို ဒီဇိုင်း ဆန်းသစ်ထားတာ၊ Window စီမံခန့်ခွဲမှု လုပ်ဆောင်ချက်တွေနဲ့ Android Apps တွေကို ထောက်ပံ့တာ အပါအဝင် တိုးတက်မှုများစွာ ပါလာပါတယ်။

ပထမဆုံး သတိထားမိတာက Taskbar နဲ့ Start Menu ကို ဒီဇိုင်း ပြောင်းလဲထားတာပါ။ macOS မှာလို Taskbar Icon တွေကို အလယ်မှာထားရှိထားပါတယ်။ ဒါပေမယ့် Clocks နဲ့ Icons တွေကိုတော့ ညာဘက်မှာပဲ ထားရှိထားပြီး ဘယ်ဘက်မှာတော့ ရှင်းလင်းနေပါတယ်။

Start Menu ဒီဇိုင်းကို ဆန်းသစ်ထားပြီး ထိပ်ဆုံးမှာ Search Bar ထည့်ထားကာ အောက်မှာ Pinned Apps နဲ့ Recommended Items တွေ ဖော်ပြထားပါတယ်။ User Profile နဲ့ ပီစီ ပိတ်တာတွေကို အဲဒီမှာ ပြုလုပ်နိုင်ပါတယ်။ Window တွေရဲ့ ထောင့်စွန်းတွေဟာ လုံးဝန်းလာပြီး UI ဟာ အရင်ကထက် ပိုပြီး Transparency ဖြစ်လာပါတယ်။ Themes ဒီဇိုင်းတွေကို လုံးဝ ပြောင်းလဲထားပါတယ်။

Windows 11 မှာ Snap Layouts , Snap Groups နဲ့ Desktop  တို့ကို မိတ်ဆက်ထားပြီး Window များစွာကို လျှင်မြန်စွာ စီမံခန့်ခွဲနိုင်ပါတယ်။ Microsoft က Teams App ကို Taskbar မှာ ထည့်သွင်းထားပြီး အဲဒါဟာ Messaging/Video Call App ဖြစ်ပါတယ်။ Windows 11 မှာ Widgets တွေလည်း ပါလာပြီး စကရင်ရဲ့ ဘယ်ဘက်ကနေ ဆွဲကာ အချိန်မရွေး ကြည့်နိုင်ပါတယ်။ Widgets တွေမှာ သင့် App တွေရဲ့ သတင်းအချက်အလက်တွေကို ပြသပေးမှာပါ။

Microsoft က Touchscreen Device တွေအတွက် ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ OS က Touchscreen Display ပါတဲ့ ကွန်ပြူတာတွေမှာ Tablet Mode ကို ပြောင်းလိုက်ရင် သိနားလည်ပါတယ်။ Voice နဲ့ Text Typing က ပိုကောင်းလာပြီး One-handed Keyboard အသစ် ထည့်သွင်းထားပါတယ်။ Stylus ကို သုံးရင်လည်း Haptic Feedback ကို ထောက်ပံ့ပေးထားပါတယ်။

Gamer တွေအတွက် Microsoft က Xbox Series Console တွေရဲ့ Auto HDR လုပ်ဆောင်ချက်ကို Windows 11 မှာ ထည့်သွင်းပေးထားပြီး HDR လုပ်ဆောင်ချက် မပါတဲ့ ဂိမ်းတွေကနေတောင် HDR Output ထွက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Xbox Console တွေမှာ NVMe SSD Storage ကို အသုံးချကာ Game Load Time ကို မြန်ဆန်စေတဲ့ DirectStorage လည်း ပါလာပါတယ်။

Microsoft က Store App ဒီဇိုင်းကို ဆန်းသစ်ထားပြီး လျှင်မြန်စွာ အလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အမိုက်စား လုပ်ဆောင်ချက်အသစ်တစ်ခုက Android App တွေကို ထောက်ပံ့ပေးလာတာပါ။ Android App တွေကို Microsoft Store ကနေ အင်စတောလုပ်နိုင်ပြီး Windows 11 မှာ အသုံးပြုနိုင်ပါတယ်။

Windows 11 ဟာ အရင်မျိုးဆက် Windows 10 ထက်အများကြီး ပိုကောင်းလာပါတယ်။ Microsoft က ဖြန့်ချိမယ့်နေ့ရက် အတိအကျကို မပြောသေးဘဲ ဒီနှစ်နှောင်းပိုင်းမှာ စတင်ဖြန့်ချိပေးမှာ ဖြစ်ပြီး နောက်နှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမယ်လို့ပဲ ပြောထားပါတယ်။ လက်ရှိ Windows 10 အသုံးပြုနေသူတွေအတွက် Windows 11 ကို အခမဲ့ ရမှာပါ။

Ref : gsmarena