အမေရိကန် သမ္မတ ထရမ့်က အချက်အလက်စုဆောင်းမှုနဲ့ အမေရိကန်လူမျိုးတွေရဲ့ လုံခြုံရေးကို ချိုးဖောက်တယ်ဆိုပြီး Tiktok ကို Ban ဖို့ လေသံပစ်လာတဲ့အခါ TikTok အနေနဲ့ အကြပ်အတည်း တွေ့လာရတာ အမှန်ပါပဲ။ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ လူကြိုက်များနေတဲ့ ဗီဒီယို ဆိုရှယ်ပလက်ဖောင်းအတွက် နောက်ထပ် ထွက်ပေါက်တစ်ခု ရှိနိုင်ပါသေးတယ်။ အဲဒါကတော့ အမေရိကန် နည်းပညာကုမ္ပဏီကြီး Microsoft ပါ။

Microsoft ကုမ္ပဏီက သူတို့ရဲ့ CEO ဖြစ်သူ Satya Nadella ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတကြီးနဲ့ တရုတ်အခြေစိုက် ByteDance ကုမ္ပဏီ နှစ်ဖက်လုံးဖြင့် စကားပြောနေကြောင်း အတည်ပြုပေးခဲ့ပါတယ်။ Microsoft ကတော့ TikTok ကို ဝယ်ယူခြင်းဖြင့် လုံခြုံရေးအတွက် စိတ်ချသွားရမယ့်အပြင် ဘဏ္ဍာရေး အတွက်လည်း ကောင်းမွန်တဲ့ ထောက်ပံ့မှု ဖြစ်လာမယ်လို့ ယူဆနေပါတယ်။

ByteDance နဲ့ ဆွေးနွေးမှုကို စက်တင်ဘာ ၁၅ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပြီး အဲဒီအချိန်မှာ ဝယ်ယူမှု အောင်မြင်မလား ဆိုတာကို သိရမှာပါ။ တကယ်လို့ အောင်မြင်ခဲ့ရင်တော့ TikTok ဟာ အခြားစျေးကွက်တွေမှာပါ ဖြန့်ကျက်လာပြီး အမေရိကန် ရင်းနှီးမြုပ်နှံသူတွေလည်း ဝင်ရောက်လာနိုင်ပါတယ်။

Microsoft ဟာ တစ်ခုလုံး အပြီးသတ် ဝယ်ယူဖို့ထက် TikTok ဝန်ဆောင်မှုကို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ နဲ့ နယူးဇီလန် တို့အတွက်သာ ရယူချင်တာ ဖြစ်ပါတယ်။ ကျန်တဲ့ အာရှ နဲ့ အခြား စျေးကွက်ကြီး တွေကိုတော့ ByteDance ကပဲ ဆက်လက်လုပ်ဆောင်နိုင်ဦးမှာပါ။

ဒီလို ပြောင်းလဲမှုမှာ အဓိက အချက်အနေနဲ့ အမေရိကန်ပြည်သူတွေရဲ့ အချက်အလက်တွေကို အမေရိကန် ထံသို့ သီးသန့် ယူဆောင်ခန့်ခွဲစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား စျေးကွက်တွေကိုလည်း အလားတူ လုံခြုံရေး အာမခံချက်တွေ ပေးသွားမှာပါ။ အမေရိကန်စျေးကွက်တစ်ခုတည်းမှာတင် TikTok ရဲ့ တန်ကြေးဟာ ဒေါ်လာ ၁၅ – ၃၀ ဘီလီယံကြား ရှိတယ်လို့ တွက်ချက်ကြပါတယ်။

Ref – GSMArena