Microsoft ရဲ့ ယခင်တုန်းက Internet Explorer Browser နဲ့ Microsoft Edge Browser တွေက တခြားသော Browser တွေဖြစ်တဲ့ Google Chrome ၊ Mozilla Firefox တို့နဲ့ယှဥ်ရင် ပိုပြီး နှေးကွေးတဲ့အတွက် အသုံးပြုသူတွေနည်းပါးနေတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ Microsoft ကနေ Edge Browser ကို Chromium Engine ကို ပြောင်းလဲအသုံးပြုပြီးနောက်ပိုင်းမှာတော့ ဒါက ပြောင်းလဲသွားတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Bleeping Computer ရဲ့ အဆိုအရ Edge Browser ဟာ လက်ရှိအသုံးပြုနှုန်းအနေနဲ့ ဒုတိယနေရာအထိ ရောက်ရှိလာပြီဖြစ်သလို လူကြိုက်အများဆုံး ဒုတိယမြောက် Web Browser လည်းဖြစ်လာပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကလည်း Microsoft Edge ဟာ စျေးကွက်ရှယ်ယာ ၇.၆ ရာခိုင်နှုန်းနီးပါးရရှိခဲ့ပြီး Mozilla Firefox ရဲ့ ၇.၂ ရာခိုင်နှုန်းကို ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome ရဲ့ စျေးကွက်ရှယ်ယာ ၆၈.၅ ရာခိုင်နှုန်းကို လိုက်မှီဖို့ကတော့ တော်တော်ကိုလိုနေသေးပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Chromium ကို ပြောင်းလဲပြီး ၃ လတောင်မပြည့်သေးတဲ့အချိန်မှာ ယခုရလဒ်မျိုးရရှိလာတာက Microsoft Edge အတွက်ကတော့ အောင်မြင်မှုတစ်ခုလို့ကို ပြောလို့ရမှာပါ။ ဒီလိုမျိုး Chromium Web Engine ကြောင့် အသုံးပြုသူတွေအတွက် ပိုပြီးလွယ်ကူသွားတဲ့အပြင် Chrome Browser မှာ အသုံးပြုနေတဲ့ Data တွေအကုန်လုံးကို Sync ပြုလုပ်နိုင်ခြင်း၊ Chrome Extension တွေအသုံးပြုနိုင်ခြင်းနဲ့ အမြန်နှုန်းသိသိသာသာကို ပိုပြီး မြန်ဆန်လာတာကကလည်း အားသာချက်တွေလို့ပြောနိုင်ပါတယ်။

ဒါတင်မကသေးဘဲ Microsoft Edge Browser ဟာဆိုရင် Privacy နဲ့ Website တွေက Tracking ပြုလုပ်မှုကို Google Chrome ထက်တောင် ပိုကန့်သတ်ထားနိုင်ပြီး နှစ်သက်ရာအသုံးများတဲ့ Website တွေကိုပါ App အနေနဲ့ အသုံးပြုနိုင်တဲ့ Feature တွေက တခြားသော Web Browser တွေနဲ့ယှဥ်ရင်ထူးခြားနေပါတယ်။

Ref – Engadget