Microsoft ကနေ လက်ရှိ Microsoft News နဲ့ MSN Organization တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဂျာနယ်လစ်တွေအပါအဝင် Editorial အလုပ်သမားတွေကို ဒါဇင်နဲ့ချီပြီး အလုပ်ဖြုတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကလည်း အဆိုပါ အလုပ်သမားတွေအစား AI နဲ့ အစားထိုးသွားဖို့လို့သိရပါတယ်။

အခုအလုပ်ဖြုတ်လိုက်တဲ့နေရာတွေမှာ Microsoft ကနေ သတင်းတွေကို ရွေးချယ်ပြီးဖော်ပြဖို့အတွက် Machine Learning (AI) ကို ပြောင်းလဲအသုံးပြုသွားမှာဖြစ်ပြီး MSN.com Website အပြင် Microsoft Edge Browser အတွင်းမှာနဲ့ News App တွေထဲမှာ အသုံးချသွားမယ်လို့ သိရပါတယ်။

အဆိုပါ လုပ်အားလျော့ချမှုဟာ Microsoft ရဲ့ SANE (Search ၊ Ads ၊ News ၊ Edge) ထဲမှာပါဝင်တဲ့ ဝန်ထမ်အချို့လည်းပါဝင်ပြီးတော့ US မှာတင်စုစုပေါင်း အယောက် ၅၀ ဝန်းကျင်နဲ့ UK မှာ ၂၇ ယောက်ခန့်ကို အလုပ်က ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Microsoft ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုးလုပ်အားလျော့ချတာက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့်မဟုတ်ဘဲ ကုမ္ပဏီကို ပိုတိုးတက်စေဖို့အတွက်ပဲ အခုလိုမျိုး AI နဲ့ အစားထိုးတာကို ပြုလုပ်သွားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Microsoft ဟာ ယခု News ပိုင်းမှာ MSN ကို ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် သက်တမ်း ၂၅ နှစ်ခန့်ရှိနေပြီးတော့ ပြီးခဲ့တဲ့ ၂ နှစ်တုန်းကတော့ တကမ္ဘာလုံးမှာရှိတဲ့ နေရာပေါင်း ၅၀ ခန့်မှာ ဝန်ထမ်း Editor ၈၀၀ ကျော် လုပ်ကိုင်နေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ AI နဲ့ပဲ အစားထိုးမှုတွေကို ဆက်တိုက်ပြုလုပ်နေတဲ့အတွက် လူလုပ်အားကတော့ သိသိသာသာလျော့ကျသွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – The Verge