Microsoft ဟာ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ Windows 11 ကို တရားဝင်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အခုထပ်မံထွက်ပေါ်လာတဲ့သတင်းတွေအရ Microsoft ကနေ Windows 11 အပြင် Office Version အသစ်ဖြစ်တဲ့ Microsoft Office 2021 ကိုပါ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Microsoft ဟာ ပုံမှန်အားဖြင့် Microsoft Office ကို အသုံးပြုချင်တယ်ဆိုရင် လစဥ်ကြေးနဲ့ ဝယ်ယူရတဲ့ Microsoft 365 ကိုပဲ ဝယ်ယူဖို့ အကြံပြုထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခု မိတ်ဆက်သွားမယ့် Microsoft Office 2021 ဟာ Microsoft ရဲ့ Long Term Servicing Channel (LTSC) အနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ LTSC ဆိုတာကတော့ တချို့သော လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် တစ်ကြိမ်တည်း ဝယ်ယူအသုံးပြုနိုင်စေမယ့် Service တစ်ခုလည်းဖြစ်ပါတယ်။

အခုလိုမျိုး တစ်ကြိမ်တည်းဝယ်ယူအသုံးပြုရမှာဖြစ်တာကြောင့် Microsoft 365 မှာပါဝင်တဲ့ AI နဲ့ Cloud-powered Feature တွေကို အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါတင်မဟုတ်သေးဘဲ Feature အသစ်တွေကိုလည်း Update ပြုလုပ်ပေးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

အဲ့ဒီအတွက် Microsoft Office 2021 ကို အသုံးပြုမယ်ဆိုရင် လက်ရှိမှာ အသစ်ထည့်သွင်းပေးထားတဲ့ Line Focus ၊ XLOOKUP Function ၊ Dynamic Array Support နဲ့ Dark Mode လိုမျိုး Feature တွေကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Microsoft အနေနဲ့ကတော့ အခုလိုမျိုး Office 2021 ကို ဝယ်ယူအသုံးပြုမယ်ဆိုရင် သက်တမ်း ၅ နှစ်အထိ အသုံးပြုနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

Microsoft ဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းက Microsoft 365 ရဲ့ စျေးနှုန်းတွေကိုလည်း တိုးမြှင့်ခဲ့ပြီး အခုမိတ်ဆက်လာမယ့် Office 2021 ရဲ့ စျေးနှုန်းအသေးစိတ်ကိုလည်း မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – The Verge