Microsoft ဟာ Apple ရဲ့ ဈေးကွက် တန်ဖိုးကို သောကြာနေ့က ကျော်တက်ခဲ့ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး Public ကုမ္ပဏီ ဖြစ်လာပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ငွေကြေးရှင်းတမ်းကို ထုတ်ပြန် ကြေညာပြီးနောက်မှာ ဒီပြောင်းလဲမှု ဖြစ်လာတာပါ။ Apple က Supply Chain အားနည်းမှုကြောင့် ဒေါ်လာ ၆ ဘီလီယမ် ဆုံးရှုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Microsoft က ငွေကြေးရှင်းတမ်းကို ထုတ်ပြန်ကြေညာခဲ့ပြီး Office, Windows နဲ့ Cloud ထုတ်ကုန်တွေကြောင့် ဝင်ငွေကောင်းခဲ့တယ်လို့ ပြောပါတယ်။

Marketing Wars - Microsoft vs. Apple - Lifestyle Marketing

သောကြာနေ့ ဈေးကွက် ပိတ်ချိန်မှာ Microsoft ရဲ့ ဈေးကွက် တန်ဖိုးဟာ ဒေါ်လာ ၂.၄၉ ထရီလီယမ်နီးပါး ရှိခဲ့ပြီး Apple ကတော့ ဒေါ်လာ ၂.၄၆ ထရီလီယမ်လောက် ရှိခဲ့တယ်လို့ CNBC က ပြောပါတယ်။ Microsoft က Apple ကို ကျော်တက်တာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ် နောက်ပိုင်း ၂၀၁၈ ခုနှစ်မှာ ပထမဆုံး အကြိမ် အဖြစ် Microsoft က Apple ထက် တန်ဖိုးမြင့်မားခဲ့ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ နောက် ၁ ကြိမ် ကျော်တက်ခဲ့ပါတယ်။ Alphabet ဟာလည်း ၂၀၁၆ ခုနှစ်မှာ Apple ဆီက သရဖူကို လုယူခဲ့ဖူးပါတယ်။

Apple ဟာ ဈေးကွက် ဦးဆောင်သူအဖြစ် အချိန်တော်တော်ကြာကြာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၁ ထရီလီယမ် ဈေးကွက် တန်ဖိုးရှိတဲ့ ပထမဆုံး အမေရိကန် ကုမ္ပဏီ ဖြစ်လာပါတယ်။ ၂ နှစ်လောက် အကြာမှာပဲ ဒေါ်လာ ၂ ထရီလီယမ် တန်ဖိုးရှိတဲ့ ပထမဆုံး အမေရိကန် ကုမ္ပဏီ အဖြစ် စံချိန်ထပ်တင်ခဲ့ပါတယ်။

Apple ရဲ့ ထုတ်ကုန်အားလုံးထဲမှာ iPhone က အအောင်မြင်ဆုံး ဖြစ်ပါတယ်။ Apple ဟာ iPhone 13 Series တွေကို မကြာခင်ကမှ ကြေညာထားတာ ဖြစ်တဲ့အတွက် ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ သရဖူကို မကြာခင် ပြန်လည် သိမ်းပိုက်နိုင်မယ်လို့ ထင်ရပါတယ်။

Ref : theverge