Microsoft ကနေ Windows Phone တွေကို ဆက်လက်ထုတ်လုပ်ခြင်းမရှိတော့ပေမယ့် Windows နဲ့ Android ဖုန်းအချင်းချင်း ချိတ်ဆက်ဖို့ပိုပြီးလွယ်ကူအောင် ဆက်တိုက်ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလည်း Android ဖုန်းနဲ့ Windows 10 ကို ချိတ်ဆက်နိုင်တဲ့ Your Phone App အတွက် Feature အသစ်ကို ထပ်ပြီး မိတ်ဆက်လိုက်ပါပြီ။

အခု Feature အသစ်ကတော့ Windows 10 ပေါ်က Your Phone App ကနေ Android ဖုန်းမှာ ဖွင့်ထားတဲ့သီချင်းတွေကို ဖော်ပြနိုင်ပြီး Music Control ကိုပါ ပြုလုပ်နိုင်တော့မှာပဲဖြစ်ပါတယ်။ Microsoft ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Feature အသစ်ကို Windows 10 Preview Version တွေမှာ စမ်းသပ်နေပြီဖြစ်ပြီး လာမယ့် ရက်သတ္တပတ်အတွင်းမှာ Windows 10 Stable Version တွေမှာ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။

ဒီ Feature ဟာ Windows 10 ပေါ်က Your Phone App မှာ ဖုန်းပေါ်မှာဖွင့်ထားတဲ့ သီချင်း၊ Album Art အပြင် Pause/Play နဲ့ Next Track ၊ Previous Track တွေကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Playlist ထဲက သီချင်းတွေကို ရွေးချယ်ပြီး ဖွင့်ခိုင်းတာမျိုးကတော့ ရရှိဦးမှာမဟုတ်ပါဘူး။

Microsoft ရဲ့ ပြောကြားချက်အရတော့ Spotify ၊ Pandora ၊ Amazon Music ၊ Google Play Music ၊ YouTube Music ၊ Google Podcasts အပါအဝင် Android Music Player အတော်များများ Support ပြုလုပ်မှာဖြစ်ပြီး YouTube Videos တွေနဲ့ Audible လိုမျိုး App ကတော့ Support ပြုလုပ်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Windows Search မှာလည်း လက်ရှိ COVID-19 နဲ့ ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို ကြည့်ရှုနိုင်အောင်လည်း Feature အသစ်ထည့်သွင်းပေးထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် Microsoft Your Phone App ဟာ MacOS နဲ့ iPhone ကို ချိတ်ဆက်အသုံးပြုနိုင်တာထက်ပိုများတဲ့ Feature တွေကိုရရှိလာပြီလို့တောင် ပြောရမှာပါ။

Ref – The Verge