Counterpoint Research ဟာ ၂၀၂၀ ပထမသုံးလပတ်အတွက် ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့မှုအစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် မျှော်လင့်ထားတဲ့အတိုင်း တစ်ကမ္ဘာလုံးမှာ တင်ပို့ရောင်းချမှုတွေကျဆင်းခဲ့တာကိုတွေ့ရပြီး ၁၃ ရာခိုင်နှုန်းအထိ ကျသွားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Realme နဲ့ Xiaomi အမှတ်တံဆိပ်တွေကတော့ နှစ်အလိုက်တိုးတက်မှုနှုန်းမှာ ၁၅၇% နဲ့ ၇% စီ အသီးသီးတိုးတက်ခဲ့တာကိုတော့ တွေ့မြင်ကြရပြန်ပါတယ်။ ဒီကုမ္ပဏီတွေဟာ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ထိခိုက်မှုနည်းခဲ့တာလည်း ဖြစ်ပါတယ်။

5G စမတ်ဖုန်းတွေရဲ့ ဈေးကွက်ဝေစုကလည်း ပြီးခဲ့တဲ့နှစ်က ၁% နှုန်းနဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာ ၈% အထိ တိုးတက်လာတာကို လည်းတွေ့မြင်ရပါတယ်။ ခြုံငုံကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ပထမသုံးလပတ်ပြီးတဲ့နောက် ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ဒီသုံးလပတ်အတွင်းမှာ သန်း၃၀၀ အောက် ထိုးကျသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ စမတ်ဖုန်းတင်ပို့ရောင်းချမှုလည်း ထိခိုက်ခဲ့တာဖြစ်ပြီး နှစ်အလိုက်မှာ ၂၇% ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ ၂၆% နှုန်းထိတင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် အခုတော့ ၂၂% သာ ဖြစ်ခဲ့ပါတယ်။ Samsung ကတော့ ဈေးကွက်ကို ဦးဆောင်နေဆဲဖြစ်ပေမယ့် သူလည်း ၁၈.၃ ရာခိုင်နှုန်းတော့ ကျဆင်းသွားတာကို တွေ့မြင်ရပါတယ်။

Huawei ကလည်း နှစ်အလိုက်တိုးတက်မှုနှုန်း ၁၇% ဖြစ်သွားပြီး ဒုတိယနေရာမှာ ရှိနေခဲ့ပေမယ့် တရုတ်ဈေးကွက် ပြန်လည်ထူထောင်လာရင်တော့ တိုးတက်လာမယ့်အလားအလာကောင်းတွေ ရှိနေတာ ဖြစ်ပါတယ်။ Apple ကတော့ ၅% ကျဆင်းခဲ့ပြီး တတိယနေရာမှာ ရှိနေပါတယ်။ iPhone တွေကရတဲ့ဝင်ငွေကလည်း ၇% ကျဆင်းသွားပါတယ်။

လေ့လာဆန်းစစ်မှုတွေအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လက်ရှိစီးပွားရေးအခြေအနေအရ Entry-level ဟန်းဆက်တွေရဲ့ ရောင်းအားဟာ ကျဆင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် Mid-range တွေကတော့ အရင်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်လာမယ်လို့ ဆိုပါတယ်။

Ref: Gizmochina