MIUI 12 ကို ဧပြီလကုန်ခါနီးမှာ Mi 10 Youth စမတ်ဖုန်းနဲ့အတူ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ တရုတ်ဈေးကွက်မှာ အရင်ဆုံးရရှိနိုင်ခဲ့ပေမယ့် ယနေ့မှာတော့ Xiaomi ကုမ္ပဏီက Global Launch ရက်စွဲကို မေလ ၁၉ အဖြစ် ထပ်မံသတ်မှတ်ပေးလိုက်ပါပြီ။

ထွက်ရှိရက်ကို ရိုးရိုးကြေညာခဲ့တာမဟုတ်ဘဲ တွစ်တာမှာ အခုတလောခေတ်စားနေတဲ့ သင်္ချာဉာဏ်စမ်းပုံစံလေးနဲ့ Tease လုပ်လာခဲ့တာပါ။

သူ့ရဲ့အဖြေက ၁၉ ဆိုတာ သိသာပြီး ဘယ်လဆိုတာကိုတော့ မကြေညာထားပေမယ့် နောက်လအထိ စောင့်ဆိုင်းနေစရာ အကြောင်းမရှိတာကြောင့် MIUI အသစ်ကို အခုလ ၁၉ ရက်နေ့မှာပဲ တစ်ကမ္ဘာလုံးက Xiaomi ဖုန်းတွေမှာ ရရှိနိုင်မှာပါ။

MIUI 12 ဟာ Android 10 ကိုပဲ အခြေခံထားတာဖြစ်ပေမယ့် အမြင်ပိုင်းဆိုင်ရာ ပြောင်းလဲသစ်ဆန်းမှုတွေ အဓိကပါဝင်ပြီး ပိုကောင်းလာတဲ့ Dark Mode ကိုပါမြင်ရမှာပါ။ Xiaomi ဟာ MIUI 12 အတွက် Beta စမ်းသပ်သုံးစွဲသူတွေကိုတောင် အိန္ဒိယမှာခေါ်ယူထားပြီး ထွက်ရှိချိန်မှာ အနည်းဆုံး ဟန်းဆက် ၃၀ လောက်မှာ Update ရရှိစေမှာဖြစ်ပါတယ်။

Ref – GSMArena