Mobile Legends: Bang Bang ဂိမ်းထုတ်လုပ်သူ Moonton ကုမ္ပဏီဟာ နှစ်စဉ်ကျင်းပနေကြ ဂိမ်းပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ MLBB Southeast Asian Cup 2020 (MSC 2020) ကို အခုနှစ်အတွက် ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲဟာ မူလက ဇွန်လ ၁၀ – ၁၄ ရက်နေ့မှာ ကျင်းပဖို့ လျာထားပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပရမှာပါ။ ဆုကြေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာတစ်သိန်းခွဲပေးမယ့် Esports ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ပြိုင်ပွဲကို ဖျက်သိမ်းလိုက်တာဟာ မြန်မာအပါအဝင် ဒေသတွင်း MLBB အသင်းတွေအတွက် နစ်နာမှုတစ်ခုပါပဲ။

Mobile Legends: Bang Bang Southeast Asia Cup လို့ခေါ်တဲ့ ဒီပြိုင်ပွဲဟာ ဒေသတွင်းအကြီးဆုံး MLBB ပြိုင်ပွဲတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံ ကိုးနိုင်ငံ (အင်ဒို၊ ဖိလစ်ပိုင်၊ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယား) တို့မှ အသင်းပေါင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင်လေ့ရှိပါတယ်။ မနှစ်က MSC 2019 ပွဲမှာတော့ မြန်မာကိုယ်စားပြုအနေနဲ့ Team Resolution နဲ့ Burmese Ghouls တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

MLBB ဂိမ်းဟာ အရှေ့တောင်အာရှမှာ ခေတ်စားတဲ့ဂိမ်းတစ်ခုဖြစ်တာနဲ့အညီ MSC ပွဲကိုကြည့်ရှုတဲ့ ပရိသတ်ဦးရေကလည်း များပြားလှပါတယ်။ MSC 2019 ပွဲကို တစ်ပွဲချင်းစီကြည့်ရှုသူ ပျမ်းမျှ ၆ သောင်းကျော် (၆၆၅၆၀) နဲ့ အမြင့်ဆုံးကြည့်ရှုသူ နှစ်သိန်းခုနစ်သောင်းကျော် (၂၇၆ ၅၇၉ ယောက်) ရှိခဲ့ပါတယ်။

Ref – AfkGaming