စမတ်ဖုန်းတွေမှာ Universal Charging Solution မရှိသေးပေမယ့် ဖုန်း ကုမ္ပဏီတွေဟာ microUSB Port အစား USB-C Port ကို အသုံးပြုလာကြပါတယ်။ စမတ်ဖုန်းတွေမှာ USB-C Port ကို သုံးလာကြတာ အရမ်းကို မြင့်မားလာပြီး အခုတော့ ဈေးကွက် လေ့လာရေး အေဂျင်စီ Omdia က ဒီနှစ်ထုတ် စမတ်ဖုန်း ၅၀ ရာခိုင်နှုန်းကျော်မှာ USB-C Port သုံးထားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

စစ်တမ်းက ၂၀၂၂ ခုနှစ်မှာ Computing Device တွေရဲ့ ထက်ဝက်ကျော်မှာ USB-C Port ပါလာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ စမတ်ဖုန်း အပြင် လက်ပ်တော့တွေလည်း ပါဝင်ပါတယ်။ USB-C ဟာ USB Connector System အသစ် ဖြစ်ပြီး 24 Pin ပါပါတယ်။ အဲဒီ စံနှုန်းကို  ၂၀၁၄ ခုနှစ် ဩဂုတ်လမှာ အကောင်အထည် ဖော်ခဲ့ပြီး အခုဆိုရင် စမတ်ဖုန်းနဲ့ လက်ပ်တော့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အများအပြား ထည့်သွင်းလာကြပါပြီ။

USB-C Port ဟာ အားသွင်းတာ အပြင် ဒေတာ ကူးပြောင်းတာ၊ Video Output စတာတွေကိုပါ ပြုလုပ်ပေးနိုင်ပြီး ပိုမြန်တဲ့ အားသွင်း စနစ် အတွက် USB Power Delivery နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာ ဖုန်း ကုမ္ပဏီတိုင်းက USB-C ကို မသုံးသေးပေမယ့် မကြာခင်မှာ အားလုံး သုံးလာကြမှာပါ။ ဒီနှစ် အစောပိုင်းမှာ ဥရောပ သမဂ္ဂက မိုဘိုင်း ကိရိယာတွေအတွက် အဲဒီ စံနှုန်း ၁ ခုထဲကိုပဲ သုံးဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။

သုံးစွဲသူတွေ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပြီး အီလက်ထရောနစ် ကိရိယာတွေ အလေအလွင့် မရှိအောင် ဖြစ်ပါတယ်။ ဒီစံနှုန်းကို Device အားလုံးမှာ သုံးရမယ့် ဥပဒေတွေ ဘယ်အချိန်ထွက်လာမလဲဆိုတာ မသိရသေးပါဘူး။

Ref : gizmochina