Moto E7 ကို FCC မှာ တွေ့ခဲ့ကြရတာက လွန်ခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်လောက်ကတည်းကဖြစ်ပေမယ့် အခုအချိန်ထိ ဈေးကွက်ထဲ ရောက်လာခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် Moto E7 Plus ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်ထဲမှာပဲ ဘရာဇီးဈေးကွက်မှာ မိတ်ဆက်ခဲ့ပါတယ်။

အခုသတင်းမတိုင်မီအထိ Moto E7 နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုကို  ကနေဒီးယန်း Carrier နဲ့ ဆက်စပ်ပြီးတော့ပဲ တွေ့ရသေးတာဖြစ်ပေမယ့်၊ ဒီတစ်ခေါက်ထွက်ပေါ်လာတာက ဟန်းဆက်ရဲ့ အဓိကအချက်အလက် အကုန်နီးပါးအပြင် နောက်ထပ် Carrier တစ်ခုနဲ့ပါ ပူးပေါင်းထားတာကိုလည်း မြင်တွေ့ရတာကြောင့် မကြာခင်အချိန်အတွင်း ကြေညာတော့မယ်လို့ ယူဆရပါတယ်။

Moto E7 နဲ့ပတ်သက်ပြီး နောက်ထပ်အတည်ပြုနိုင်တာက ဒီဟန်းဆက်ဟာ 6.2-inch HD+ LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 19:9 အချိုးနဲ့ဖြစ်ပါတယ်။ မျက်နှာပြင်မှာ Waterdrop notch ပါဝင်ပြီး၊ တပ်ဆင်ထားတဲ့ Selfie ကင်မရာကတော့ 5MP ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 13MP အဓိကကင်မရာနဲ့အတူ 2MP depth sensor လည်း ရှိနေမှာ ဖြစ်ပါတယ်။

Fingerprint Scanner ကိုလည်း ကျောဘက်ကိုယ်ထည်ပေါ်မှာပဲ တပ်ဆင်ထားပြီး၊ 2GB of RAM နဲ့ 32GB storage တို့ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 3,550mAh ပမာဏကိုပဲ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီဟန်းဆက်မှာအသုံးပြုထားတဲ့ Chipset ကို မသိရှိရသေးပါဘူး။ ကနေဒါဘက်က ပေါက်ကြားထားတဲ့ ဈေးနှုန်းကတော့ $142 (၁ သိန်း ၈ သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena