ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်ကတည်းက ပေါက်ကြားမှုတွေ ဖြစ်ပေါ်နေခဲ့တဲ့ Moto E7 Plus ဟာ အခုအချိန်မှာတော့ ဈေးကွက်ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ သူတို့ရဲ့ ထုတ်ကုန်သစ်ကို နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိသေးတာမဟုတ်ဘဲ ဘရာဇီးတစ်နိုင်ငံတည်းမှာပဲ မိတ်ဆက်သေးတာ ဖြစ်ပါတယ်။

E စီးရီးတွေရဲ့ သဘောသဘာဝအတိုင်း ဒီဟန်းဆက်ကလည်း Entry-level spec တွေကိုပဲ ယူဆောင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် Moto E7 Plus အကြောင်းပြောရင် Snapdragon 460, 48MP အဓိကကင်မရာ၊ 5,000mAh ဘက်ထရီတွေအကြောင်းကို အရင်စပြောရမှာပါ။

6.5-inch HD+ LCD မျက်နှာပြင်ပေါ်မှာ Waterdrop notch ရှိနေပြီး ဒီထဲမှာတော့ 8MP selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်က စတုရန်းပုံစံကင်မရာအိမ်ထဲမှာတော့ 48MP အဓိကကင်မရာနဲ့ 2MP depth sensor တို့ ရှိနေကြတာပါ။ ကင်မရာတွေအောက်မှာတော့ Fingerprint scanner ရှိပြီး Moto ရဲ့ အမှတ်တံဆိပ်ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Snapdragon 460 ကို 4GB of RAM နဲ့ တွဲဖက်ပေးထားပြီး သိုလှောင်မှုပမာဏက 64GB အထိရှိတာကြောင့် ချောမွေ့တဲ့စွမ်းဆောင်ရည်ကို မျှော်လင့်နိုင်သလို၊ ဘက်ထရီပမာဏ 5,000mAh ကြောင့် ဒီဟန်းဆက်ဟာ သာမန်နေ့စဉ်သုံးစွဲမှုအတွက် လုံလောက်တဲ့ ထောက်ပံ့မှုတွေရှိနေတယ်လို့ ဆိုရမှာပါ။

MicroSD နဲ့လည်း သိုလှောင်မှုပမာဏကို ထပ်ပြီးတိုးချဲ့လို့ရသလို၊ Motorola ကတော့ သူတို့ရဲ့စမတ်ဖုန်းက 5,000mAh ဘက်ထရီကိုတစ်ခါအားသွင်းပြီးရင် ၂ ရက်ကြာသုံးစွဲနိုင်တယ်လို့ ကြွားလုံးထုတ်ထားပါသေးတယ်။ Moto E7 Plus ကို Navy Blue နဲ့ Amber Bronze ဆိုပြီး အရောင်နှစ်ရောင် ထုတ်ထားသလို တန်ဖိုးကိုလည်း $255 (၃ သိန်း ၄ သောင်း ဝန်းကျင်) အဖြစ်သတ်မှတ်ထားပါတယ်။

Ref: GSM Arena