Snapdragon 8 Gen 2 ကို ကြေညာပြီးနောက်မှာ စမတ်ဖုန်း ကုမ္ပဏီတွေဟာ အဲဒီ Chipset ပါတဲ့ စွမ်းရည်မြင့် ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ vivo X90 Pro+ ဟာ အဲဒီ Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး Xiaomi နဲ့ iQOO တို့ကလည်း မကြာခင်မှာ အဲဒီ Chipset ပါတဲ့ ဖုန်းတွေကို ချပြတော့မှာပါ။ Motorola ကလည်း နောက်ကျမခံဘဲ Snapdragon 8 Gen 2 ပါတဲ့ Moto X40 ကို ဒီဇင်ဘာလမှာ မိတ်ဆက်တော့မှာပါ။

Moto X40 with Snapdragon 8 Gen 2 SoC, IP68 Rating launching in December

Lenovo ရဲ့ မိုဘိုင်း ဌာနက အထွေထွေ မန်နေဂျာ Chen Jin က Moto X40 မှာ IP68 စံနှုန်း ပါလာမယ်လို့ ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ တရုတ်မှာ ဒီဇင်ဘာလ ကြေညာမယ်လို့ သူက အတည်ပြုလိုက်ပြီး ကြေညာမယ့် နေ့ အတိအကျကို မပြောပါဘူး။

Moto-X40-TENAA

Jin က Moto X40 မှာ Snapdragon 8 Gen 2 ပါမယ်လို့ အရင်က အတည်ပြုထားပြီး AnTuTu Benchmark အရ SD8 Gen 2 ဟာ MediaTek Dimensity 9200 ထက် စွမ်းရည် ပိုမြင့်ပါတယ်။

ပေါက်ကြားသတင်းတွေအရ Moto X40 မှာ ၆.၆၇ လက်မ OLED မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး FHD+ Resolution ရှိမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး 18GB LPDDR5x RAM နဲ့ 512GB Internal Storage အထိ ပါလာမှာပါ။ Android 13 အခြေပြု MY UI 5.0 မောင်းနှင်ထားမှာပါ။

Moto X40 မှာ 68W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာနိုင်ပြီး 50MP Main, 50MP Ultra Wide နဲ့ 12MP Telephoto ကင်မရာတွေကို အနောက်ဘက်မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 60MP ဖြစ်နိုင်ပါတယ်။

Ref : gizmochina