Motorola ဟာ တန်ဖိုးနည်း G Series ကနေ  5G စမတ်ဖုန်း အသစ် ၁ လုံးကို ချပြလိုက်ပါတယ်။ Moto G 5G လို့ နာမည်ပေးထားပြီး ဥရောပမှာ ကုမ္ပဏီရဲ့ ဈေးအချိုဆုံး 5G ဖုန်း ဖြစ်ပါတယ်။ Moto G 5G မှာ ၆.၇ လက်မ Full HD+ IPS LCD မျက်နှာပြင် ပါလာပြီး HDR10 ထောက်ပံ့ထားပါတယ်။

Motorola announces moto g9 power and moto g 5G

စက်တင်ဘာလကမှ ပူပူနွေးနွေး ကြေညာထားတဲ့ Snapdragon 750G Chipset ပါလာပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်က Punch Hole မှာ 16MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ 5,000mAh ဘက်ထရီနဲ့ 20W Charging ပါတဲ့အတွက် ဘက်ထရီ သက်တမ်းနဲ့ အားသွင်းနှုန်းက လန်းပါတယ်။

ဆက်သွယ်မှု အပိုင်းမှာ 802.11ac WiFi, Bluetooth 5.1, USB-C နဲ့ dual-band A-GPS တွေ ထောက်ပံ့ထားပြီး IP52 စံနှုန်း ပါတဲ့အတွက် ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။ အောက်ခြေမှာ နားကြပ်ပေါက် တပ်ဆင်ထားပြီး Android 10 အခြေပြု My UX မောင်းနှင်ထားပါတယ်။

Moto G 5G အတွက် Volcanic Grey, Frosted Silver ၂ ရောင်ထုတ်လုပ်ထားပြီး 4/6GB RAM နဲ့ 64/128GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ 1TB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်တာကြောင့် ဒေတာတွေ အမုန်းသိမ်းလို့ရပါတယ်။  တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၀၀ ယူရို သတ်မှတ်ထားပြီး ၄ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။ Moto G 5G ကို လက်တင် အမေရိက၊ အရှေ့ အလယ်ပိုင်းနဲ့ အာရှ နိုင်ငံတွေမှာ လာမယ့် ရက်သတ္တပတ်တွေအတွင်း ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena