Motorola ရဲ့ Edge+ ရဲ့ အဓိကအစိတ်အပိုင်းတွေအကြောင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်ကတည်းက Geekbench ကတစ်ဆင့် သိရှိခဲ့ရပြီးဖြစ်ပါတယ်။ အခု မတ်လထဲမှာတော့ Motorola Edge+ နဲ့ပတ်သက်တဲ့သတင်းထွက်ပေါ်မှုတွေက အရှိန်အဟုန်အမြင့်ဆုံးကို ရောက်နေပြီလို့ ဆိုရတော့မှာပါ။

အခုဆိုရင် Motorola Edge+ နဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်အလက်တွေက အတော်လေးကို စုံစုံလင်လင် သိနေကြရပါပြီ။ Render ပုံအချို့လည်း ထွက်ပေါ်ခဲ့ပြီးဖြစ်တာကြောင့် Edge+ ရဲ့ ပုံစံကိုလည်း ပြောနိုင်ပါပြီ။ ဒါပေမယ့် Motorola Edge+ ရဲ့ အရောင်သစ်နဲ့ ပိုပြီးကြည်လင်တဲ့ Render ပုံအချို့ကို နာမည်ကျော် Leakster Evan Blass က ထပ်ပြီး ထုတ်ပြလိုက်ပြန်ပါတယ်။

ဒါကြောင့် Motorola Edge+ ကို Dark Blue မော်ဒယ်အပြင် Burgundy red အရောင်နဲ့ပါ ထပ်ပြီးတွေ့မြင်ရပြီ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 6.67-inch FHD+ curve display ဟာ အပေါ်ဘယ်ဘက်ထောင့်မှာ Selfie ကင်မရာအတွက် Punch-hole တစ်ပေါက် ရှိနေပါတယ်။ Render ပုံသစ်တွေမှာတော့ Waterfall ပုံစံကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။

Edge+ ရဲ့ ညာဘက်ခြမ်းဘောင်မှာ အဖွင့်အပိတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေ ရှိနေတာကို ထပ်ပြီးအတည်ပြုနိုင်ခဲ့ပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို ထောင်လိုက်တပ်ဆင်ပေးထားတာပါ။ 108MP အဓိကကင်မရာ၊ 16MP ultrawide နဲ့ 3x optical zoom 8MP telephoto တို့ဖြစ်တယ်ဆိုတာကတော့ ပြီးခဲ့တဲ့ သတင်းဖော်ပြမှုမှာလည်း ထည့်သွင်းဖော်ပြပြီး ဖြစ်ပါတယ်။

အပေါ်ဘက်မှာ 3.5mm headphone jack ပေါက်၊ အောက်ခြေမှာ SIM ကတ်အထိုင်၊ USB-C ပေါက်နဲ့ စပီကာတို့ ရှိနေပါတယ်။ Motorola Edge+ ဟာ Snapdragon 865 chipset ကို 12GB of RAM နဲ့ တွဲဖက်ထားပြီး mm Wave 5G ချိတ်ဆက်နိုင်သလို၊ ဘက်ထရီပမာဏကလည်း 5,000mAh ဖြစ်ပါတယ်။

Ref: GSM Arena