ပြီးခဲ့တဲ့ရက်တွေတုန်းက Motorola ဟာ Snapdragon 865 သုံးထားတဲ့ Motorola Edge+ ကို ထုတ်လုပ်ရောင်းချဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြခဲ့တာပါ။ အခုတော့ Edge+ အမျိုးအစားရဲ့ နောက်ထပ် မိသားစုဝင်အကြောင်းကို သိလိုက်ကြရပြီ ဖြစ်ပါတယ်။

Motorola Edge ဟာ mid-range အနေနဲ့ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ XDA Developers ကတော့ Motorola Edge ရဲ့ အဓိကအစိတ်အပိုင်းအချို့ကို ထုတ်ဖော်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Motorola Edge ရဲ့ ပကတိပြင်ပ ဓာတ်ပုံအချို့ကိုလည်း ဖော်ပြလာသေးတာ ဖြစ်ပါတယ်။

Motorola Edge ဟာ 6.67-inch အရွယ်အစား မျက်နှာပြင်နဲ့ဖြစ်ပြီး အနားစွန်းတွေကတော့ အတော်လေးကိုခုံးတဲ့ မျဉ်းခုံးပုံစံလို့ သိရပါတယ်။ “waterfall display” လို့ နာမည်တပ်နိုင်တဲ့အထိ အနားစွန်းတွေ ကွေးခုံးတယ်လို့ဆိုပါတယ်။ Full HD+ resolution ဖြစ်သလို 90Hz refresh rate လည်း ဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍ “Auto” mode အသုံးပြုထားရင် AI က 60Hz နဲ့ 90Hz refresh rate ကြား အလိုအလျောက် ပြောင်းလဲ ထိန်းညှိပေးသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မျက်နှာပြင်အောက်မှာ Fingerprint scanner ကို မြှုပ်နှံပေးထားပါသေးတယ်။ မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာတော့ Punch-hole နဲ့အတူ 25MP selfie ကင်မရာတစ်လုံးကို တပ်ဆင်ထားပါတယ်။

ကျောဘက်ကင်မရာတွေအဖြစ် 64MP အဓိကကင်မရာ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ တွဲဖက်တပ်ဆင်ပေးထားတာကတော့ 16MP wide-angle lens နဲ့ 8MP telephoto ကင်မရာတွေဖြစ်တယ်လို့ သိရပါတယ်။ Android 10 မောင်းနှင်ထားပြီး Dual-SIM ထောက်ပံ့ပေးသလို NFC နဲ့ USB-C လည်း ထောက်ပံ့ပေးထားပါတယ်။

အပေါ်ဘက် နဲ့ အောက်ဘက်တွေမှာ စပီကာတွေတပ်ဆင်ထားပါတယ်။ အသံအတိုးအချဲ့ခလုတ်နဲ့ အဖွင့်အပိတ်ခလုတ်တွေကလည်း အနားစွန်းမှာရှိပါတယ်။ 3.5mm audio jack လည်း တပ်ဆင်ပေးထားပြီး MicroSD လည်း ထပ်စိုက်လို့ရပါတယ်။ Snapdragon 765 SoC အသုံးပြုထားပြီး 6GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။

သိုလှောင်မှုက 128GB ဖြစ်ပြီး 4,500mAh ပမာဏ ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ အမြန်အားသွင်းစနစ် ထောက်ပံ့ထားတယ်လို့ပဲသိရပြီး ဘယ်နှုန်းလဲဆိုတာတော့ မသိရသေးပါဘူး။ ကြိုးမဲ့အားသွင်းစနစ် မပါဝင်သလို 5G ကွန်ရက်ကို ချိတ်ဆက်နိုင်မလားဆိုတာလည်း မသိရသေးပါဘူး။

Ref: Gizmochina