Motorola ဟာ Moto G Stylus 2021 ကို ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်မှာ တရားဝင်ကြေညာခဲ့ပါတယ်။ နာမည်အတိုင်း Stylus ပါဝင်တဲ့ စမတ်ဖုန်းဖြစ်ခဲ့ပေမဲ့ ချိတ်ဆက်မှုပိုင်းမှာတော့ 4G သာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီက ဇွန်လထဲမှာ Moto G Stylus 5G ဗားရှင်းကို ထပ်ပြီးပွဲထုတ်ခဲ့ပါတယ်။

အခုသတင်းထွက်လာတာကတော့ Moto G Stylus 2022 ဖြစ်ပါတယ်။ မျိုးဆက်သစ် G Stylus ဟာ လာမဲ့နှစ်ရဲ့ နှစ်လယ်ပိုင်းမှာထွက်လာမယ်လို့ ကောလာဟလတွေထွက်ပေါ်နေသလို အခုလည်း ဒီဟန်းဆက်ရဲ့ ပထမဦးဆုံး Renders ပုံရိပ်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Moto G Stylus 2022 ရဲ့ Renders တွေကို သယ်ဆောင်လာတာက ထုံးစံအတိုင်း @OnLeaks ပဲ ဖြစ်ပါတယ်။ Renders တွေအရ G Stylus 2022 ရဲ့ ဒီဇိုင်းဟာ မြင်နေကျအတိုင်း ဝန်းဝိုက်တဲ့ Rectangular camera bump နဲ့ ဖြစ်ပြီး အနည်းငယ်ငေါထွက်နေတဲ့ ကင်မရာတွေကိုလည်း တွေ့မြင်ရပါတယ်။ ကျောဘက်ကင်မရာက သုံးလုံးဖြစ်ပြီး Flash တော့ နှစ်ခုဖြစ်တာကို Renders တွေက ဖော်ပြနေပါတယ်။

အရှေ့ဘက်မျက်နှာပြင်ရဲ့ အထက်ပိုင်းအလယ်တည့်တည့်မှာတော့ Hole Punch တစ်ခုနဲ့ Selfie ကင်မရာအတွက် နေရာပြုလုပ်ပေးထားတာ တွေ့မြင်ရပါတယ်။ ပတ်လည် Bezel တွေက သိပ်ပြီးပြောပလောက်အောင် ပါးလျမသွားသေးတာကိုလည်း တွေ့မြင်ရပါတယ်။ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်က ညာဘက်မှာရှိပြီး အရင်ထက် ကြီးမားလာတယ်လို့ ဆိုနိုင်ပါတယ်။

မျက်နှာပြင်အမျိုးအစားကို OLED panel ထက် LCD ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကနဦးကောလာဟလတွေအရ 6.81-inch မျက်နှာပြင်ဖြစ်ပြီး၊ 48MP အဓိကကင်မရာ၊ 4,500mAh ဒါမှမဟုတ် 5,000mAh ဘက်ထရီနဲ့ 6GB/128GB ဖြစ်မယ်လို့ သိရပါတယ်။ Snapdragon 480 Plus processor သုံးလာမယ်လို့လည်း ဆိုပါတယ်။

Ref: GSM Arena