Motorola က Clamshell ဒီဇိုင်း Razr 2022 ကို ကြေညာလိုက်ပြီး တိုးတက်လာတဲ့ မျက်နှာပြင်နဲ့ စွမ်းရည်မြင့် Chipset ထည့်သွင်းထားပါတယ်။

မျက်နှာပြင်က ၆.၇ လက်မ ဖြစ်ပြီး အရင်မျိုးဆက်နဲ့ တူညီပါတယ်။ ဒါပေမယ့် ကွဲပြားတာက OLED မျက်နှာပြင်မှာ ပိုကောင်းတဲ့ Hinge ပါလာပြီး ခေါက်ချိုးလိုက်ရင် ဟနေတာ မရှိတော့ပါဘူး။ HDR10+ နဲ့ 144Hz Refresh Rate ထောက်ပံ့ထားပြီး Motorola က Notch အစား Punch Hole ကို သုံးထားကာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာ ၂ လုံးနဲ့လည်း ဆဲလ်ဖီး ရိုက်ကူးနိုင်ပြီး ၂.၇ လက်မ OLED မျက်နှာပြင် ပါပါတယ်။ ပင်မကင်မရာက 50MP 1/1.55” ဖြစ်ပြီး OIS ထောက်ပံ့ထားပါတယ်။ ဒုတိယ ကင်မရာက 13MP Ultrawide Angle ဖြစ်ပြီး ၁၂၁ ဒီဂရီ မြင်ကွင်းကျယ် ထောက်ပံ့ထားပါတယ်။

Moto Razr 2022 မှာ စွမ်းရည်မြင့် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး RAW Shooting ရိုက်ကူးနိုင်သလို အပြင်ဘက် မျက်နှာပြင်မှာ တချို့ App တွေ အလုပ်လုပ်အောင် ဖန်တီးထားတဲ့ MyUI 4.0 မောင်းနှင်ထားပါတယ်။ Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၂ လုံး ပါလာပါတယ်။

Moto Razr 2022 ကို ကုမ္ပဏီရဲ့ တရုတ် ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး အနက်ရောင် ၁ ရောင်ထဲ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၅,၉၉၉ ယွမ်၊ 8/256GB ကို ၆,၄၉၉ ယွမ်နဲ့ 12/512GB ကို ၇,၂၉၉ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၂၃ သိန်း ဝန်းကျင်ကျသင့်နိုင်ပါတယ်။

Ref : gsmarena