Moonton မှ ၎င်း၏ လူကြိုက်များသည့် Mobile Legends: Bang Bang Professional League Myanmar Season 4 အား ယခုလတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၂၀ ကျော်) ပေးအပ်မည့် MPL-MM S4 သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကောင်းဆုံး Mobile Legends: Bang Bang အသင်းများအားတစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းလ် Esport ဂိမ်းပြိုင်ပွဲ တစ်ခု ဖြစ်လာမည် ဖြစ်သည်။

Mobile Legends: Bang Bang ၏ တီထွင်ဖန်တီးသူ Moonton၊ ပွဲစီစဉ် ဆောင်ရွက်သူ Game Cast Network Myanmar (GCN) နှင့် အဓိက စပွန်ဆာများဖြစ်သည့် Telenor Myanmar နှင့် OPPO Myanmar တို့မှ ပူးပေါင်းကျင်းပသည့် MPL MM-S4 ၏ လက်ရည်စစ်ပွဲ ပထမအဆင့်အား မတ်လ ၂-၃ ရက်အတွင်းကျင်းပသွားမည်ဖြစ်ပြီး ၎င်း၏ ဒုတိယအဆင့်အား မတ်လ ၅-၈ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။ ထို့နောက် Regular Season အား မတ်လ ၂၈ရက်နေ့ မှ ဧပြီလ ၂၆ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်နောက်ဆုံးအဆင့်အနေဖြင့် Grand Finals အား မေ ၁၀ ရက်နေ့ တွင် ကျင်းပသွားမည်ဖြစ်သည်

ပြီးခဲ့သည့် Season 3 ချန်ပီယံ Team Burmese Ghouls၊ ဒုတိယဆု ရရှိခဲ့သော Team Cyanide, တတိယဆု ရရှိသွားသော Claw Esports, စတုတ္တဆု ရရှိသွားသော Team Yangon Galacticos တို့သည် MPL-MM Season 4 ကို တိုက်ရိုက်၀င်ခွင့်ရရှိမည်ဖြစ်သည်။ ပဉ္စမဆု ရရှိခဲ့သော Outworld Esports နှင့် ဆဌမဆု ရရှိခဲ့သော Team Mega Myanmar တို့သည် လက်ရည်စစ်ပွဲစဥ် ဒုတိယအဆင့်သို့ တိုက်ရိုက်၀င်ခွင့်ရရှိမည်ဖြစ်သည်။

“မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေမှာ Esports ဟာ အလျင်အမြန် တိုးတက်နေပြီး အခုချိန်မှာတော့ Mobile Legends ဟာဆိုရင် အာဆီယံ ဒေသတွင်း ထိပ်တန်း ဂိမ်းတွေထဲက တစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။ ကျွန်တော်တို့ဟာ အာရှ အိုလံပစ်ကောင်စီ ရဲ့ အသိအမှတ်ပြုမှုကို ခံခဲ့ရပါတယ်။ သမာရိုးကျ အားကစားများတွေ အရေးပါသည့် အားကစားစိတ်ဓာတ်ကို အခြေခံထားတဲ့ MLBB Esports ဟာ နိုင်ငံတစ်ဝှမ်းက ကြည့်ရှုသူ ဦးရေ၊ content တန်ဖိုးတွေ နဲ့ နာမည်ကြီး အမှတ်တံဆိပ်ကနေ ရရှိတဲ့ စပွန်ဆာကြေးတွေဟာ အလျင်အမြန်မြင့်တက်လာခဲ့ပါတယ်။ ဒီလို ဂိမ်းပြိုင်ပွဲတွေကနေတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရုံသာမဟုတ်ဘဲ ဆယ်ကျော်သက်လူငယ်တွေ အနေနဲ့ မိုဘိုင်းလ်ဂိမ်းတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက်တစ်ခုအနေနဲ့ လူကြီးမိဘတွေကို ပြောပြချင်တာက Esports ဟာ နောင်အနာဂတ်မှာ ထိပ်တန်းအလုပ်အကိုင်တစ်ခု ဖြစ်လာလိမ့်မယ် ဆိုတာပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံ Esports လောက ရည်ရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။” ဟု Moonton ၏ Esports Manager ဖြစ်သူ Zhong Zhuang မှ ပြောကြားခဲ့သည်။

“တယ်လီနောမြန်မာအနေနဲ့ Mobile Legendsပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရတဲ့ အတွက် တကယ့်ကို စိတ်လှုပ်ရှားနေမိပါတယ်။ အီလက်ထ‌ရောနစ် အားကစားကဏ္ဍက မြန်မာနိုင်ငံမှာ လျင်လျင်မြန်မြန် ဖွံ့ဖြိုး တိုးတက်နေပြီး Mobile Legends က ရေပန်းအစားဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုဂိမ်းမျိုးနဲ့ လက်တွဲရတဲ့ ရည်ရွယ်ချက်က တယ်လီနောအနေနဲ့ အသုံးပြုသူတွေကို သူတို့ရဲ့ အရေးပါဆုံး အရာတွေနဲ့ ချိတ်ဆက်ပေးနေဖို့ အမြဲကြိုးပမ်းနေလိုခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဂိမ်းနယ်ပယ်က အနာဂတ်မှာ ပိုမိုတိုးတက်လာမှာဖြစ်ပြီး တယ်လီနော အသုံးပြုသူတွေ အကောင်း ဆုံး အတွေ့အကြုံတွေရဖို့ အမြဲဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အားလုံး ကံကောင်းပါစေလို့ ဆုတောင်းပေးနေပြီး အရှေ့တောင်အာရှဖလားပြိုင်ပွဲမှာ မြန်မာအသင်း အနိုင်ရရှိဖို့ မျှော်လင့်နေပါတယ်” ဟု တယ်လီနောမြန်မာ၏‌ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်သူ Mr. Amaresh Kumar က ပြောကြားသည်။

မြန်မာနိုင်ငံတွင်းရှိ လူငယ်များကြိုက်နှစ်သက်သည့် ကောင်းမွန်သော အရည်အသွေးမြင့် စမတ်ဖုန်းများကို အစဥ်အမြဲ မိတ်ဆက်ပေးလျက်ရှိသည့် OPPO Myanmar မှလည်း အကြီးမားဆုံးပြိုင်ပွဲကြီးဖြစ်သော Mobile Legends: Bang Bang Professional League Myanmar Season 4 ပြိုင်ပွဲကြီးကို Official Smartphone Partner အဖြစ် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။

MPL-MM S4 သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး Mobile Legends: Bang Bang Esports ဂိမ်းပြိုင်ပွဲဖြစ်ပြီး ပရောဖက်ရှင်နယ် ကစားသမားများအနေဖြင့်လည်း အဆိုပါပြိုင်ပွဲမှ တစ်ဆင့် ၎င်းတို့၏ ကျွမ်းကျင်မှုအား နိုင်ငံအဆင့်သို့ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။ အဆိုပါ လိဂ်ပြိုင်ပွဲတွင် ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅,၀၀၀ကျော် (မြန်မာကျပ်ငွေ သိန်း ၇၂၀ ကျော်) ပေးအပ်သွားမည်ဖြစ်ပြီး ချန်ပီယံဆု ရရှိသော အသင်းအား အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၉၀ ခန့်) နှင့် ဒုတိယ နှင့် တတိယ ရရှိသွားသော အသင်းများအား အမေရိကန်ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ ၈၇ သိန်းခန့်) နှင့် အမေရိကန် ၃,၀၀၀ (မြန်မာကျပ်ငွေ ၄၃ သိန်းခန့်) အသီးသီးပေးအပ်သွားမည် ဖြစ်သည်။ ငွေသားဆုကြေးအပြင် ပြိုင်ပွဲ၏ အကောင်းဆုံး အသင်း ၂ သင်းသည် Mobile Legends: Bang Bang ၏ ၂၀၂၀ ခုနှစ် အရှေ့တောင်အာရှ ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် နိုင်ငံတကာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘာဒီယား နှင့် လာအိုတို့မှ ထိပ်သီးအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။