Elon Musk ကတော့ အတော်လေးကို ပွဲရှာတတ်တဲ့သူလို့ ဆိုရလောက်အောင်ပါပဲ။ အထူးသဖြင့် Twitter ကို စပြီးဝယ်တော့မယ်လုပ်ကတည်းက Musk နဲ့ပတ်သက်တဲ့သတင်းတွေဟာ မီဒီယာအကြိုက်ဖြစ်လာပါတော့တယ်။ Twitter ရဲ့ CEO ဖြစ်လာချိန်မှာတော့ အများမထင်ထားတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ အပြောင်းအလဲပြုလုပ်လာမှုတွေကြောင့် မီဒီယာတွေထက်မှာ ပိုပြီးတော့ ပွဲဖြစ်လာရပါတော့တယ်။

အခုလည်း Musk က Google, Apple တို့နဲ့ ပတ်ပြီးပွဲဖြစ်နေပြန်ပါပြီ။ ပြဿနာက Musk က စတာတော့မဟုတ်ပါဘူး။ Liz Wheeler က “အကယ်၍ Apple နဲ့ Google တို့ကသာ သူတို့ရဲ့ App Stores တွေကနေ Twitter ကို ကန်ထုတ်မယ်ဆိုရင် Musk အနေနဲ့ ကိုယ်ပိုင်စမတ်ဖုန်း ထုတ်သင့်တယ်” လို့ ရေးသားခဲ့တာပါ။ ဒါကို Musk က Reply ပြန်လိုက်တော့မှပဲ ပွဲဖြစ်လာတာပါ။

“ဒီလိုဖြစ်မလာဖို့ ငါတကယ်ပဲ မျှော်လင့်ပါတယ်။ ဒါပေမဲ့ပေါ့၊ အကယ်၍သာ တခြားရွေးချယ်စရာမရှိဘူးဆိုရင်တော့ ငါလည်း အစားထိုးဖုန်းကို ဖန်တီးရတော့မှာပဲ” လို့ Musk က Reply ပြန်ခဲ့တာပါ။ အဓိပ္ပါယ်ကတော့ အတည်ကောက်လို့လည်းရသလို၊ ဒီအတိုင်း လေထွားနေကြတာလို့ ခပ်ပေါ့ပေါ့ ကောက်လို့လည်း ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Apple နဲ့ Google ကသာ Kick မယ်ဆိုရင် Musk က ကိုယ်ပိုင်ဖုန်းထုတ်မယ်ဆိုပြီး ပွဲဖြစ်သွားခဲ့တာတော့ အမှန်ပါပဲ။

Liz Wheeler ကတော့ “အင်္ဂါဂြိုလ်ဆီသွားဖို့ ဒုံးပျံတည်ဆောက်နေတဲ့သူအတွက် စမတ်ဖုန်းသေးသေးလေးကတော့ လွယ်ကူသင့်တယ်မဟုတ်လား” လို့ မြှောက်ထိုးပင့်ကော်လုပ်ပြီး အချွန်နဲ့မ သွားပေမဲ့ တကယ်တမ်းမှာတော့ Alternative ဖုန်းကို တည်ဆောက်ဖို့ ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ Jeff Bezos နဲ့ Amazon တို့ကလည်း 2014 ခုနှစ် ဇွန်လမှာ Fire Phone ကို ဖြန့်ချိခဲ့ဖူးပြီး မအောင်မြင်ခဲ့ပါဘူး။ အလုံးရေ 26,000 ပဲ ရောင်းရတယ်လို့ သတင်းပြန်ထွက်လာပါတယ်။

ဒါပေမဲ့ Musk ဟာ Tesla ဖုန်းကို တီထွင်ထုတ်လုပ်မယ်လို့ သတင်းထွက်ခဲ့ဖူးတာကြောင့် ပွဲကမလိုအပ်ဘဲ ပိုဆူသွားတာလည်း ဖြစ်ပါလိမ့်မယ်။ လက်တွေ့ကျကျစဉ်းစားကြည့်ရင်တော့ Platform သစ်ကို အသုံးပြုပြီး စမတ်ဖုန်းအသစ်တစ်ခု တည်ဆောက်တယ်ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူရမှာပါ။ အခုတောင် Twitter နဲ့တင် အတော်လေး အလုပ်ရှုပ်ပြီး Tesla ဘက်ကို မလှည့်နိုင်တာကြောင့် ဖုန်းကိစ္စကတော့ အတည်ပြောတယ်လို့ မယူဆထားတာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

Ref: Phone Arena