Mobile World Congress (MWC) 2020 ပွဲတော်ကို COVID-19 ဗိုင်းရပ်စ်ပိုးရန်ကြောင့် ဖျက်သိမ်းလိုက်ရပေမယ့် ဒီပွဲကို ဦးစီးကျင်းပတဲ့ GSM Association (GSMA) အဖွဲ့အစည်းက ပြသဖို့ စာရင်းပေးပြင်ဆင်ထားသူတွေကို သူတို့ရဲ့ ကုန်ကျငွေအား ပြန်ပေးမှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

ဒီပြပွဲဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ပြုလုပ်တာဖြစ်ပေမယ့် နိုင်ငံတကာမှ ပရိသတ်တွေ၊ စမတ်ဖုန်းကုမ္ပဏီတွေ လာရောက်ပြသမှာဖြစ်တာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း အကြောင်းပြကာ Samsung, NVIDIA, Vivo, Sony, Amazon, LG, Nokia အစရှိတဲ့ ကုမ္ပဏီများစွာက တက်ရောက်ဖို့ ပြန်လည်ပယ်ဖျက်ခဲ့ကြပြီး နောက်ဆုံး ပွဲတစ်ခုလုံး ဖျက်လိုက်ရတာပါ။

MWC 2020 ပွဲမှာ သူတို့ရဲ့ထုတ်ကုန်တွေကို ခမ်းခမ်းနားနားမိတ်ဆက်ဖို့ ပြင်ဆင်ထားတဲ့ စမတ်ဖုန်းထုတ်လုပ်သူ တွေမှာ ထုတ်ကုန်သစ်တွေကို အွန်လိုင်းကနေပဲ မိတ်ဆက်ဖို့ ပြောင်းလဲခဲ့ရပါတယ်။ ဒါ့အပြင် အကုန်အကျများပြီး တကယ်တမ်း ဘာမှပြန်မရလိုက်တဲ့ ထုတ်လုပ်သူတွေအတွက် နောက်ထပ်ထိုးချက်အဖြစ် GSMA မှ အထက်ပါအတိုင်း ကြေညာလိုက်ပြန်တာပါ။ သူတို့ရဲ့ ကြိုတင်သဘောတူညီချက်စာချုပ်ထဲမှာ ပါဝင်တဲ့ အချက်တစ်ခုကို အကြောင်းပြကာ အခုဖျက်သိမ်းရမှုဟာ GSMA မှ တာဝန်ခံဖို့မလိုကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

GSMA မှ ပြန်လည်ထုတ်ပြန်ကြေညာခဲ့တဲ့အထဲမှာ အဆိုပါအချက်ကို အသားပေးဖော်ပြထားပြီး ပွဲစီစဉ်သူတွေရဲ့ ထိန်းချုပ်နိုင်စွမ်းကနေ ကျော်လွန်ပြီး ဖြစ်သွားတဲ့ ရောဂါကပ်ဘေး၊ အကြမ်းဖျက်တိုက်ခိုက်မှု၊ နိုင်ငံရေးလှုပ်ရှားမှု စတဲ့ အကြောင်းကြောင်းကြောင့် ပွဲပျက်ခဲ့ရင် ကုမ္ပဏီတွေကို လျှော်ကြေး၊ ကုန်ကျစရိတ်၊ အသုံးစရိတ် စသဖြင့် တစ်ခုမှ ပြန်လည် ပေးအပ်မှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

GSMA အဖွဲ့ဘက်က သူတို့ဟာ အကျိုးအမြတ်အတွက် တည်ဆောက်ထားတဲ့ အဖွဲ့အစည်းမဟုတ်ကြောင်းနဲ့ အခုလိုဖျက်သိမ်းတဲ့အတွက် သူတို့ဘက်မှာလည်း ဘဏ္ဍာရေးထိခိုက်မှုတွေရှိတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီတွေဘက်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

Ref – Gizmo China