Mobile World Congress 2020 ဟာ ဘာစီလိုနာမြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်နဲ့ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် အစဉ်အလာပျက်ခဲ့ရပါပြီ။

အစောပိုင်းကတည်းက နည်းပညာကုမ္ပဏီအတော်များများက MWC 2020 မှာ ပါဝင်ဆင်နွှဲကြမယ့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ကြပါတယ်။ ဒီအခြေအနေကြောင့် ပွဲဖြစ်ပါ့မလားလို့ မေးခွန်းထုတ်နေကြပေမယ့် ပွဲစီစဉ်သူတွေဘက်ကတော့ တရားဝင်ထုတ်ပြန်တာ မလုပ်သေးခင်မှာ ဒေသတွင်းသတင်းစာ NICS နဲ့ EFE တို့ကတော့ ဒီပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ကြပါသေးတယ်။

သတင်းအရ GSMA ဟာ လက်ရှိအခြေအနေကို ဆွေးနွေးဖို့ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပူးပေါင်းပါဝင်မှုကို ပယ်ဖျက်လာတဲ့ ကုမ္ပဏီအရေအတွက်များလာခြင်းက ပွဲကျင်းပမှုနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ဖိအားပေးသလို ဖြစ်နေပါတယ်။ GSMA အနေနဲ့လည်း အာမခံလျော်ကြေး တောင်းယူဖို့မဖြစ်နိုင်တာကလည်း ထည့်သွင်းစဉ်းစားစရာ အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။

Reuters နဲ့အင်တာဗျူးမှာတော့ “GSMA ဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ လျှင်မြန်စွာပြောင်းလဲနေတဲ့ အခြေအနေရှိကြောင်း၊ ပွဲတက်ရောက်သူတွေရဲ့ ကျန်းမာရေးကို အလေးထားကြောင်း၊ ဒီအစည်းအဝေးဟာ ပုံမှန်ပြုလုပ်နေကျအတိုင်းဖြစ်ပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ၊ ကမ္ဘာလုံးဆိုင်ရာနဲ့ စပိန် ကျန်းမာရေးကျွမ်းကျင်သူတွေလည်း ပါဝင်ကြောင်း” ပြောဆိုခဲ့ပါသေးတယ်။

အစောပိုင်းကတော့ စပိန်အစိုးရရဲ့ အမျိုးသားအဆင့်၊ ဒါမှမဟုတ် ဒေသဆိုင်ရာ ကျန်းမာရေး အရေးပေါ်ထုတ်ပြန်ကြေညာချက်မပြုလုပ်သေးဘဲနဲ့ ပွဲကို ပယ်ဖျက်ကြောင်း မကြေညာလိုသေးတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း MWC ရဲ့ ကျောရိုးလိုဖြစ်နေတဲ့ AT&T, Orange, Deutsche Telekom, Vodafone, NTT Docomo, Nokia နဲ့ Ericsson စတဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေကတော့ ပွဲတော်မှာ ပါဝင်တော့မှာ မဟုတ်ပါဘူး။

ဆွေးနွေးမှုတွေပြုလုပ်ပြီး နောက်ဆုံးထွက်ပေါ်လာတဲ့အဖြေကတော့ MWC 2020 ကို ဖျက်သိမ်းလိုက်မှာဖြစ်ကြောင်း၊ GSMA အနေနဲ့ ဒီနှစ်နှောင်းပိုင်းမှာ ပြုလုပ်မယ့် MWC Shanghai နဲ့ MWC Los Angeles ကို အာရုံစိုက်ထားကြောင်း သိရပါတယ်။ ဒါကြောင့် ဘာစီလိုနာမှာ လာမယ့် ၂၀၂၁ ဖေဖော်ဝါရီအထိ MWC ပွဲကျင်းပမယ့်အကြောင်း ကြားရတော့မှာမဟုတ်ပါဘူး။

Ref: Gizmochina