Netflix ဟာ ဂျပန်အခြေစိုက် ဂိမ်းကုမ္ပဏီ Capcom ရဲ့ လူကြိုက်များ စီးရီး တစ်ခုဖြစ်တဲ့ Resident Evil ကို Live-action စီးရီး ပြန်လည် ရိုက်ကူး ပြသဖို့ မီးစိမ်းပြလိုက်ပါပြီ။ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ RE ဂိမ်းကို အချို့စျေးကွက်တွေမှာ Biohazard လို့လည်း လူသိများပါတယ်။

ဗီဒီယို Streaming ပလက်ဖောင်းဟာ RE စီးရီးအတွက် ထုတ်လုပ်ဖို့ ဝါရင့်တစ်ချို့ကိုတောင် ထုတ်ပြန်ပေးခဲ့ပြီး Supernatural စီးရီးကြောင့် လူသိများတဲ့ Andrew Dabb က အပိုင်းရှစ်ပိုင်းပါ Season တစ်ခုကို ရေးသားပေးမှာ ဖြစ်ကာ Walking Dead မှ Bronwen Hughes ကတော့ ပထမဆုံး အပိုင်းနှစ်ပိုင်းကို တာဝန်ယူ ရိုက်ကူးမှာပါ။

ထုတ်လုပ်ရေးပိုင်းကိုလည်း RE ရုပ်ရှင် ခြောက်ကားကို ဖန်တီးခဲ့တဲ့ Constantin Film ကုမ္ပဏီမှ တာဝန်ယူမှာပါ။ ၂၀၀၂ ခုနှစ်မှာ စတင်ပြီး ၂၀၁၆ ခုနှစ်မှ ပြီးဆုံးခဲ့တဲ့ RE Live-action ရုပ်ရှင် ခြောက်ကားတွဲဟာ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံထိ ရရှိထားတာကြောင့် ဗီဒီယိုဂိမ်းကို အခြေခံထားတဲ့ ရုပ်ရှင် Franchise တွေထဲမှာ ဝင်ငွေ အများဆုံးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Netflix ရဲ့ RE ဇာတ်လမ်းမှာ ဂိမ်းထဲက ဇာတ်လိုက်တွေအစား Wesker ညီအစ်မ Jade နဲ့ Billie တို့ကို ဦးတည်ပြီး Timeline နှစ်ခုပေါ် မူတည်ထားတဲ့ ဇာတ်တစ်ခုကို မြင်ရမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ထွက်ရှိရက်ကို အတိအကျ ထုတ်ပြန်ဖို့ မဖြစ်နိုင်သေးပေမယ့် ပထမဆုံး Season မှာတင် RE Franchise ပရိသတ်တွေနဲ့ ဇွန်ဘီ အမျိုးအစား ကြိုက်တဲ့ သူတွေကို ဖမ်းစားနိုင်ဖို့တော့ အတော်လေး အလားအလာကောင်းတယ်လို့ ဆိုရမှာပါ။

Ref – One Esports