Capcom ရဲ့ လူကြိုက်များ ဗီဒီယိုဂိမ်း Franchise တစ်ခုဖြစ်တဲ့ Dragon’s Dogma ဟာ Anime စီးရီးတစ်ခုအဖြစ် Netflix ပေါ်ကို ရောက်ရှိလာမှာပါ။

PS3 နဲ့ Xbox 360 တို့မှာ လူကြိုက်အလွန်များခဲ့တဲ့ Action RPG ဂိမ်းဟာ စက်တင်ဘာ ၁၇ ရက်နေ့မှာ Netflix ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး လက်ရှိမှာ အချက်အလက်တွေ သိပ်မသိရသေးပေမယ့် Netflix ရဲ့ Library ထဲကိုတော့ အကြမ်းဖော်ပြချက် တစ်ခုနဲ့ ရောက်ရှိနေခဲ့ပါပြီ။

တရားဝင်ပိုစတာမှာတော့ အဓိကဟီးရိုး Ethan နဲ့ ဗီလိန် နဂါးကြီးတို့ရဲ့ CGI ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။ “သူ့ရဲ့ အသည်းနှလုံးကို ယူဆောင်သွားတဲ့ နဂါးကြီးကို နှိမ်နင်းဖို့ ထွက်ခွာလာခဲ့ပေမယ့် မိစ္ဆာတွေနဲ့ ရင်ဆိုင်ပြီးတိုင်း Ethan ရဲ့ လူသားဆန်မှု တစ်စစ ပျောက်ဆုံးလာခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

ဒီစီးရီးဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံးဂိမ်းကိုပဲ အခြေခံလာနိုင်ခြေရှိပြီး သူ့ရဲ့ရှေ့မှာလည်း Netflix ကနေ ဗီဒီယိုဂိမ်းတွေကို ပြန်အသက်သွင်းထားတဲ့ Witcher နဲ့ Castlevania စီးရီးတွေဟာ အရမ်းလူကြိုက်များခဲ့တာမို့ Dragon’s Dogma ပရိသတ်တွေအတွက် ရင်ခုန်စရာပါပဲ။

Ref – OneEsports