Reddit သုံးစွဲသူတစ်ဦးဟာ Dota 2 ဂိမ်းအတွက် အသစ်မိတ်ဆက်လာမယ့် ဟီးရိုးလို့ ယူဆရတဲ့ Data တစ်ချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး “Valkyrie” လို့ အမည်ပေးထားပါတယ်။ သူ့ရဲ့ အချက်အလက်တွေထဲမှာ လက်နက်တစ်ခုခု ကိုင်ဆောင်ထားပြီး အတောင်ပံ ပါတဲ့ ဟီးရိုးလို့ ယူဆရတဲ့ Ability တွေကို တွေ့ရှိရပါတယ်။

“Valkyrie” ဆိုတဲ့ အမည်ဟာ Norse ဒဏ္ဍာရီတွေက လာတာဖြစ်ပြီး နတ်ဘုရား Odin ကို ခစားတဲ့ အမျိုးသမီး နတ်စစ်သည်တော်တွေရဲ့ အမည်ပါ။ သူတို့ဟာ လက်နက်ကိုင်ဆောင်ပြီး တိုက်ရည်ခိုက်ရည် စွမ်းအားကြီးသလို ပျံသန်းနိုင်တဲ့ စွမ်းအားလည်း ရှိတာကြောင့် အခု တွေ့ရှိတဲ့ အချက်အလက်တွေနဲ့တော့ ကိုက်ညီနေပါတယ်။

နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက တစ်နှစ်ကမှ မိတ်ဆက်ထားတဲ့ ဟီးရိုးအသစ် Mars ဟာ မတူညီတဲ့ ဒဏ္ဍာရီတွေထဲက စစ်ပွဲနတ်ဘုရားကို ယူထားတာ ဖြစ်ပြီး သူ့ရဲ့ Voice Lines (ပြောစကား) တွေထဲမှာ “Where does the time go, my dear? You’ve been away too long…” “Together again. This time will be different, I Promise!” စတဲ့ ဘယ်သူ့ကို ရည်ညွှန်းမှန်း မသိရသေးတဲ့ စကားတွေလည်း ရှိတာကြောင့် Valkyrie ဟာ သူနဲ့ ဆက်စပ်ထားမယ့် ဟီးရိုးအသစ် ဖြစ်နိုင်တယ်လို့လည်း သီအိုရီ ထုတ်နေကြပါတယ်။

အခုနှစ်မှာ COVID-19 ကပ်ရောဂါသာ မဖြစ်ခဲ့ရင် အခုချိန်မှာ Ti10 (The International 2020) ကို ကျင်းပနေမှာဖြစ်ပြီး ပုံမှန်အားဖြင့် ဟီးရိုးအသစ်တွေကို ဒီပြိုင်ပွဲမှာ စတင် Tease လုပ်ရမှာပါ။ Ti10 ကို ဆွီဒင်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတာကြောင့် Norse ဒဏ္ဍာရီထဲက ဇာတ်ကောင်ကို အခြေခံထားတဲ့ ဟီးရိုးကို မိတ်ဆက်ဖို့ ကြံစည်ထားတာ ဖြစ်နိုင်ပါတယ်။ Ti9 ပြိုင်ပွဲတုန်းက တရုတ်နိုင်ငံမှာ ကျင်းပခဲ့ပြီး တရုတ်ယဉ်ကျေးမှု စတိုင်နဲ့ Void Spirit ဟီးရိုးအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

Valve ဟာ နှစ်စဉ်ကျင်းပနေကျ Dota 2 ရဲ့ အကြီးဆုံးယှဉ်ပြိုင်မှု ဖြစ်တဲ့ The International ပွဲကို အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားရပြီး အခြေအနေတွေ တည်ငြိမ်တာနဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref – AFKGaming