Facebook ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံး Social Media Platform တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Facebook ဟာ ပုံမှန် Video တွေအပြင် Facebook Gaming လိုမျိုး Video Platform တွေကိုပါ ဆောင်ရွက်နေပေမယ့် YouTube နဲ့ TikTok ကိုတော့ ယှဥ်ပြိုင်နိုင်ခြင်းမရှိသေးဘူးလို့ ပြောရမှာပါ။

အထူးသဖြင့် အခုနှစ်ပိုင်းမှာ TikTok ဟာ သိသိသာသာအောင်မြင်လာပြီး အခုဆိုရင် Instagram Reels နဲ့ YouTube Shorts ဆိုပြီး အသီးသီးယှဥ်ပြိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ Facebook ကလည်း TikTok ကို ယှဥ်ပြိုင်ဖို့ Feature အသစ်တစ်ခုကို စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။

ဒါကတော့ လက်ရှိ Instagram မှာ အသုံးပြုနိုင်တဲ့ Feature တစ်ခုဖြစ်တဲ့ Reels ကို Facebook ပေါ်မှာပါ အသုံးပြုနိုင်အောင် စမ်းသပ်နေတာပဲဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Facebook ကနေ ယခု Feature ကို India ၊ Mexico ၊ Canada နဲ့ US နိုင်ငံအတွင်းမှာ အရေအတွက်ကန့်သတ်ပြီး စမ်းသပ်နေတယ်လို့ သိရပါတယ်။

Facebook ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Reels Feature ဟာ လက်ရှိ Instagram မှာ အသုံးပြုသလိုမျိုးပဲ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် Instagram Reels တွေကိုလည်း Facebook Account ကို Cross-post တင်နိုင်မှာဖြစ်ပါတယ်။ Facebook ဟာ ယခင်နှစ်တွေတုန်းကလည်း Instagram ရဲ့ အောင်မြင်တဲ့ Feature တစ်ခုဖြစ်တဲ့ Instagram Stories ကို အလားတူ Facebook မှာပါ အသုံးပြုနိုင်အောင် ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ TikTok တင်မဟုတ်ဘဲ YouTube Shorts ဟာလည်း အလျှင်အမြန်တိုးတက်လာပြီဖြစ်တာကြောင့် Facebook အနေနဲ့ အောင်မြင်ပါ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ YouTube Shorts ဟာ YouTube App ထဲမှာပဲ အသုံးပြုနိုင်တဲ့အပြင် Content Creator တွေအတွက်ပါ ဆုကြေးတွေ သတ်မှတ်ပြီး ပေးအပ်နေတာကြောင့် အသုံးပြုသူအများအပြားရှိနေပြီဖြစ်ပါတယ်။

Ref – The Verge