လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ NIO ဟာ အခုဆိုရင် တစ်ကြိမ်အားသွင်းရုံနဲ့ မိုင် ၆၀၀ ကျော် မောင်းနှင်နိုင်မယ့် လျှပ်စစ်ကားအသစ်ကို ထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ လျှပ်စစ်ကားရဲ့ နာမည်ကို NIO EC7 လို့ နာမည်ပေးထားပြီး SUV အမျိုးအစားဖြစ်မယ်လို့ သိရပါတယ်။

အခုလို မိုင် ၆၀၀ ကျော်အထိ မောင်းနှင်နိုင်ဖို့အတွက် NIO EC7 လျှပ်စစ်ကားဟာ 150kWh အရွယ်အစားရှိတဲ့ Semi Solid-state Battery ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဆိုပါ Semi Solid-state Battery တွေဟာ WeLion ကုမ္ပဏီတွေကနေ ထုတ်လုပ်ထားတာဖြစ်ပြီး NIO ဟာ လျှပ်စစ်ကားအမျိုးအစား ၃ မျိုးမှာ အသုံးပြုနိုင်ဖို့ ခွင့်ပြုချက်ရယူထားပြီးဖြစ်ပါတယ်။

NIO ကနေ အခု Semi Solid-state Battery အမျိုးအစားနဲ့ ထုတ်လုပ်သွားမယ့် EV လျှပ်စစ်ကားတွေက ET5 ၊ ET7 နဲ့ EC7 တွေဖြစ်ပြီး EC7 တစ်မျိုးပဲ SUV အမျိုးအစားဖြစ်ပြီး ကျန်တဲ့ ၂ မျိုးက Sedan အမျိုးအစားဖြစ်မယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာ NIO EC7 ကို အစောဆုံးရောင်းချသွားမှာဖြစ်ပြီး လာမယ့် ဇွန်လ ၂၀၂၃ ခုနှစ်မှာ စျေးကွက်အတွင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Semi Solid-state Battery တွေကို ပြောင်းသုံးလိုက်တာက တစ်ကြိမ်အားသွင်းပြီး မိုင် ၆၀၀ ကျော် (သို့မဟုတ်) ကီလိုမီတာ ၁,၀၀၀ ကျော်အထိ မောင်းနှင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ EV လျှပ်စစ်ကားအတော်များများဟာ မိုင် ၂၀၀ ကနေ မိုင် ၃၀၀ ဝန်းကျင်ပဲ မောင်းနှင်နိုင်တာကြောင့် အခုလိုမျိုး NIO ရဲ့ နည်းပညာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China