ဥရောပကော်မရှင်ကအတည်ပြုထားတဲ့ စည်းမျဉ်းသစ်တွေကြောင့် Meta ဟာ သူ့ရဲ့ Facebook နဲ့ Instagram ဝန်ဆောင်မှုတွေကို ပိတ်ချသွားရနိုင်တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒီလိုသာ ပိတ်ဖြစ်ခဲ့ရင် EU က စီးပွားရေးလုပ်ငန်းအများအပြားအတွက် ထိခိုက်မှုဖြစ်လာနိုင်တယ်လို့လည်း Meta ရဲ့ Global Affairs ဒုတိယဥက္ကဋ္ဌ Nick Clegg က မှတ်ချက်ပေးခဲ့ပါသေးတယ်။

EU ရဲ့ ဥပဒေသစ်ဟာ ကုမ္ပဏီအားလုံးအနေနဲ့ အသုံးပြုသူဒေတာတွေကို ဒေသတွင်းဆာဗာတွေမှာပဲ တည်ရှိစေဖို့ ဖိအားပေးနေတာဖြစ်ပြီး Meta ကတော့ အသုံးပြုသူဒေတာတွေကို သူ့ရဲ့ US ဆာဗာကနေ ဥရောပဆီကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။ ဒီဥပဒေသစ်က Meta အတွက်တော့ နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်ပြီး လိုက်နာမှုမရှိရင် ဥရောပတစ်လွှားမှာ သူ့ရဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ပိတ်ပင်ခံရဖွယ် ရှိနေပါတယ်။

“ကျွန်တော် Facebook မသုံးဘဲနေလာတာ လေးနှစ်လောက်ရှိပြီ။ ဘဝကြီးက နေလို့သိပ်ကောင်းတာပဲ။ ဥရောပယူနီယံဟာ စီးပွားရေ:ပါဝါကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုပါ။ ကျွန်တော်တို့ စည်းလုံးညီညွတ်နေမယ်ဆိုရင် ဒီလိုမျိုး ခြိမ်းခြောက်ခံရမှာမဟုတ်ပါဘူး” လို့ ဂျာမနီ စီးပွားရေးဝန်ကြီး Robert Habeck က ဆိုပါတယ်။

“Facebook မရှိတဲ့ဘဝက သိပ်ကောင်းတာပဲ” လို့ Habeck က ပြောသလိုပဲ Le Maire ကလည်း “လူတွေအနေနဲ့ Facebook မရှိဘဲနဲ့လည်း ကောင်းကောင်းမွန်မွန်နေနိုင်ကြပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ EU အနေနဲ့ သူ့လူတွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့အတွက် ကျောခိုင်းသွားမှာမဟုတ်ဘူးလို့လည်း ထပ်မံပြီးအတည်ပြုပြောဆိုခဲ့ပါသေးတယ်။

“(ဗြိတိန်မှအပ) ပင်မဥရောပတိုက်ကြီးဟာ အချုပ်အခြာအာဏာအတွက် အခိုင်အမာရပ်တည်ခုခံပြီး အတည်ပြုလိမ့်မယ်ဆိုတာကို ဒစ်ဂျစ်တယ်ဘီလူးကြီးတွေအနေနဲ့ နားလည်ထားရမယ်” လို့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Bruno Le Maire က မှတ်ချက်ပေးထားပါတယ်။

Ref: GSM Arena