၂၀၂၀ ပြည့်နှစ်ရဲ့ နောက်ဆုံးသုံးလပတ်ကိုရောက်လာချိန်မှာ မေးဖို့လိုလာတဲ့ မေးခွန်းတစ်ခုက မျက်နှာပြင်ခပ်သေးသေးနဲ့စမတ်ဖုန်းတွေ အတိတ်မှာပဲ ကျန်နေခဲ့ပြီလားဆိုတာပါ။ ကုမ္ပဏီအများစုဟာ စမတ်ဖုန်းတွေရဲ့ အရွယ်အစားကိုပိုပြီးတော့ ချဲ့ထွင်လာကြပြီး အခုအချိန်မှာ 6-inch ဆိုတာက ပျမ်းမျှအရွယ်အစားလို့တောင် ပြောလို့ရနေပါပြီ။

နာမည်ကျော် Tipster ဖြစ်တဲ့ Digital Chat Station ကတော့ သိပ်မဝေးတဲ့အနာဂတ်အတွင်း တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဆီကနေ Mini Android တွေကို မျှော်လင့်လို့ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ပြည်တွင်းထုတ်လုပ်သူတွေဆီက စုဆောင်းထားတဲ့စာရင်းတွေအရ၊ ဘယ်လို Mini Android စမတ်ဖုန်းကိုမှ မတွေ့ရဘူးလို့ ဖော်ပြထားတာပါ။

Mini Android တွေထုတ်လုပ်ဖို့အတွက် လက်ရှိထုတ်လုပ်မှုလိုင်းကိုလည်း ပြုပြင်မှုတွေလုပ်ရမှာဖြစ်တဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်လည်း များလိမ့်မယ်လို့ ယူဆနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်တွင်းက မျက်နှာပြင်ထုတ်လုပ်သူတွေဆီမှာလည်း ရွေးချယ်စရာများများစားစားမရှိတာက အကြောင်းရင်းတစ်ရပ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ထောက်ပံ့ရေးကွင်းဆက်တွေကြောင့် လုပ်ငန်းလည်ပတ်မှုကလည်း သိပ်ပြီးမလုပ်မဖြစ်ဘူးလို့ ဆိုရမှာပါ။

Apple က iPhone 12 mini ကို ထုတ်လုပ်ရောင်းချတဲ့အခါမှာလည်း သေးငယ်တဲ့စမတ်ဖုန်းအတွက် ကိုယ်ထည်၊ မျက်နှာပြင်၊ အတွင်းပိုင်းနဲ့ ဘက်ထရီကအစ အစိတ်အပိုင်းအားလုံးအတွက် သီးသန့်ဖြေရှင်းရတာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်လည်း ပိုပြီးတိုးမှာဖြစ်ပါတယ်။ iPhone 12 Mini ရဲ့ 5.4-inch အရွယ်အစား OLED မျက်နှာပြင်ဟာ အခြားပါဝင်ပစ္စည်းတွေထဲမှာ ဈေးအကြီးဆုံးဖြစ်နေတယ်လို့လည်း Tipster က ထောက်ပြခဲ့ပါသေးတယ်။

အကယ်၍ ကုမ္ပဏီတစ်ခုအနေနဲ့ စွန့်စားပြီး Mini Android ကို ထုတ်လုပ်တယ်ဆိုရင်တောင်၊ ဝယ်လိုအားနည်းပါးနေရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် လက်ရှိဈေးကွက်အခြေအနေအရ ဝယ်လိုအားနည်းပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များတဲ့ မျက်နှာပြင်ခပ်သေးသေး Android စမတ်ဖုန်းတွေဟာ ထုတ်လုပ်မှုဦးစားပေးအဆင့်ရဲ့ နောက်မှာပဲကျန်ခဲ့ဖွယ်ရှိနေပါတယ်။

ဒါပေမယ့် Redmi အမှတ်တံဆိပ်ရဲ့ Product Director ဖြစ်တဲ့ Wang Teng က ကုမ္ပဏီအနေနဲ့ မျက်နှာပြင်သေးငယ်တဲ့ Device ကို ဖြန့်ချိဖို့ စဉ်းစားနေတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ Google, Sony တို့လိုကုမ္ပဏီတွေဟာ မျက်နှာပြင်ခပ်သေးသေးနဲ့ Android device တွေကို ထုတ်လုပ်ကြတယ်ဆိုပေမယ့် သူတို့လည်း တဖြည်းဖြည်းနဲ့တော့ အရွယ်အစားကို ချဲ့ထွင်လာတာတွေ့နိုင်ပါတယ်။

ခေတ်တစ်ပတ်ပြန်လည်လာပြီး လူတွေရဲ့အကြိုက်ဟာ လက်တစ်ဝါးစာအရွယ်အစား စမတ်ဖုန်းတွေဆီကို ပြန်ရောက်လာနိုင်တယ်ဆိုပေမယ့်၊ လက်ရှိလေ့လာသုံးသပ်ချက်တွေအရ၊ ခပ်မြန်မြန်ကြီးတော့ ပြန်ပြောင်းသွားဖွယ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လာမယ့် တစ်နှစ်အတွင်းမှာ 5-inch ဝန်းကျင် Android စမတ်မတ်ဖုန်းတွေကို မြင်တွေ့ရဖွယ်မရှိဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

Ref: Gizmochina