အချိန်ကာလကြာမြင့်စွာ ကောလာဟလအဖြစ်သာရှိနေခဲ့တဲ့ Nokia 3.4 ဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာတော့ Render နဲ့ Spec အချို့ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ IFA 2020 event မှာ ပွဲထွက်လာမယ်လို့ ကောလဟလတွေ ထွက်ခဲ့တဲ့ Nokia အမှတ်တံဆိပ် စမတ်ဖုန်းတွေကြားထဲမှာ Nokia 3.4 လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

အခုတော့ Nokia 3.4 ကို အမေရိကန်ရဲ့ FCC certification database မှာ တွေ့မြင်လာရပါပြီ။ ဒါ့အပြင် စမတ်ဖုန်းရဲ့ မတူညီတဲ့မျိုးကွဲနှစ်ခုအကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့ပါပြီ။ ကျောဘက်မှာ စက်ဝိုင်းပုံစံကင်မရာအိမ်တည်ဆောက်မှုနဲ့အတူ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့ Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားတာကတော့ အတူတူပဲ ဖြစ်ပါတယ်။

စာရင်းတွေအရတော့ မော်ဒယ်နံပါတ် TA-1283 နဲ့ TA-1285 ဆိုပြီး နှစ်ခုတွေ့မြင်ရပါတယ်။ တစ်ခုက Single SIM Nokia 3.4 ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Dual SIM နဲ့ဖြစ်ပါတယ်။ Certification အရ HMD ဟာ လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့ပွဲမှာ ဒီဟန်းဆက်တွေကို ပွဲထုတ်မယ်လို့ ညွှန်းဆိုနေပါတယ်။

Nokia 3.4 ဟာ HMD Global ရဲ့ နောက်ထပ် ဈေးနှုန်းချိုသာတဲ့ ဟန်းဆက်သစ်တစ်ခုအဖြစ် ပေါ်ထွက်လာမှာပါ။ Snapdragon 460 chipset ကို 3GB of RAM နဲ့တွဲဖက်ထားပါတယ်။ ကျောဘက်မှာတော့ 13MP အဓိကကင်မရာနဲ့အတူ 5MP+2MP ကင်မရာတွေကို တပ်ဆင်ပေးထားမှာဖြစ်ပြီး Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ ဒီဟန်းဆက်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၀၀ (၂ သိန်းခွဲ) အောက်ပဲ ကျသင့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena