Nokia ရဲ့ ပထမဆုံး 5G ဖုန်းကို မတ်လမှာ ကြေညာခဲ့ပေမယ့် အခုထက်ထိ မရောင်းပေးသေးပါဘူး။ Nokia 8.3 5G ကို ဗြိတိန်နဲ့ တချို့ ဥရောပ နိုင်ငံတွေမှာ ဇူလိုင်လအတွင်း ရောင်းပေးမယ်လို့ အစောပိုင်းက သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို Amazon Germany Website မှာ စာရင်းတင်ထားတဲ့အတွက် မကြာခင်မှာ ဥရောပ နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Nokia 8.3 ရဲ့ ဓါတ်ပုံကိုလည်း Amazon Germany မှာ စာရင်းတင်ထားပေမယ့် ရောင်းချမယ့် အချိန်ကို မဖော်ပြထားသေးပါဘူး။ မူလ စီစဉ်ထားတာထက် စောပြီး ရောင်းချနိုင်ပါတယ်။ Nokia 8.3 5G ကို ဥရောပ နိုင်ငံ အများစုမှာ ယူရို ၆၀၀ ၊ ဗြိတိန်မှာ စတာလင်ပေါင် ၅၀၀ နဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၉ သိန်း ၅ သောင်းနဲ့ ၈ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

အဲဒီ ဖုန်းမှာ ၆.၈၁ လက်မ LCD မျက်နှာပြင် ပါလာပြီး Punch Hole မှာ 24MP ကင်မရာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 12MP Ultrawide , 2MP Macro နဲ့ 2MP Depth  ကင်မရာတွေ ပါလာပြီး 5G ထောက်ပံ့တဲ့ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 6GB or 8GB RAM နဲ့ 64GB or 128GB Storage ထည့်သွင်းထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Android 10 မောင်းနှင်ထားပါတယ်။

Ref : gsmarena