Nokia 8.3 ကိုကြေညာဖို့ အတော်လေးကို အချိန်ကြာခဲ့ပါတယ်။ ဒီဟန်းဆက်ဟာ နည်းပညာအရပြောရမယ်ဆိုရင်တော့ ၂၀၁၈ Nokia 8.1 ကို ဆက်ခံတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ၂၀၂၀ အမြင့်တန်း Mid-range ဖုန်းတွေမှာ ရှိသင့်တဲ့ လုပ်ဆောင်ချက်တွေ၊ အခြားစမတ်ဖုန်းတွေမှာ မရှိတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နေတာကိုတော့ တွေ့ရပါတယ်။

ဒီဇိုင်းပိုင်းအကြောင်းပြောရင်တော့ ထိပ်ပိုင်းနဲ့ အောက်ခြေ Bezel တွေက ထူနေပါသေးတယ်။ ကျောဘက်ကို Curved glass နဲ့ ဖုံးအုပ်ပေးထားတာတွေ့ရပါတယ်။ စက်ဝိုင်းပုံစံ ကင်မရာအိမ်ထဲမှာ ကျောဘက်ကင်မရာလေးလုံး တပ်ဆင်ထားပုံက သိပ်ပြီးတော့ မဆန်းသစ်ဘူးလို့ ပြောနိုင်ပါတယ်။ လက်ဗွေဖတ်စကင်နာကိုတော့ ဘေးဘောင်ဘက် ရွှေ့ထားပါတယ်။

Nokia 8.3 5G ဟာ 6.81-inch Full HD+ resolution မျက်နှာပြင်ဖြစ်ပါတယ်။ ဘယ်ဘက်အပေါ်ထောင့်မှာတော့ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ ပြီးတော့ SDR ကို HDR content အဖြစ်ပြောင်းလဲပေးတဲ့ Pixelworks chip လည်း ပါဝင်ပါတယ်။ Snapdragon 765G processor ကို 6GB/8GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုကလည်း 64GB ဒါမှမဟုတ် 128GB ရွေးချယ်နိုင်ပါတယ်။

ကျောဘက်ကင်မရာ လေးလုံးဟာ 64MP အဓိက ကင်မရာ၊ 12MP ultrawide, 2MP depth sensor နဲ့ 2MP micro ကင်မရာတွေပဲ ဖြစ်ပါတယ်။ ကင်မရာ လေးလုံးစလုံးဟာ ZEISS optics နဲ့ ဖြစ်ကြပြီး Ultrawide ကင်မရာက 4K UHD record လုပ်နိုင်ပါတယ်။ Selfie ကင်မရာကတော့ 24MP ဖြစ်ပါတယ်။

ဘက်ထရီပမာဏက 4,500mAh ဖြစ်ပြီး 18W အမြန်အားသွင်းစနစ် ပါဝင်ပါတယ်။ Audio jack လည်းပါဝင်ပါတယ်။ 5G ကွန်ရက်ကို ချိတ်ဆက်နိုင်ပြီး 600MHz bands အပြင် 3.8GHz High-bands ကိုလည်း ထောက်ပံ့ပေးပါသေးတယ်။ ဈေးနှုန်းကတော့ €599 (မြန်မာငွေ ၉ သိန်း ၂သောင်းဝန်းကျင်) ကစတင်မှာ ဖြစ်ပါတယ်။ အရောင်ကတော့ Polar Night တစ်မျိုးတည်း ရရှိမှာ ဖြစ်ပါတယ်။

Ref: Gizmochina