Nokia G11 ကို တရားဝင်ကြေညာချက်တွေမလုပ်ဘဲ သူတို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာပဲ တိတ်တဆိတ်လွှင့်တင် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီဟန်းဆက်အတွက် အသုံးခံတဲ့ဘက်ထရီနဲ့အတူ OS update ကိုလည်း နှစ်ကြိမ်အထိ ထောက်ပံ့ပေးမယ်လို့ ကတိပြုထားတာကို တွေ့ရပါတယ်။

Nokia G11 ရဲ့ Hardware အများစုကို Nokia G21 နဲ့အတူတူနီးပါး တွေ့မြင်ရပါတယ်။ ဒါပေမဲ့ အဓိကကင်မရာကိုတော့ အဆင့်နှိမ့်ထားပြီး ပိုမိုပေါ့ပါးတဲ့ ကိုယ်ထည်နဲ့တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Nokia G11 လည်း Unisoc T606 chipset နဲ့ပဲဖြစ်ပေမဲ့ 3GB RAM နဲ့ 32GB storage တွေအဖြစ် အဆင့်လျှော့ချထားပါတယ်။ တစ်ဖက်မှာတော့ 512GB အထိ တိုးမြှင့်နိုင်ဖို့ microSD slot ကိုတော့ ထောက်ပံ့ပေးထားပါတယ်။

ကျောဘက်ကကင်မရာသုံးလုံးဟာ 13MP အဓိကကင်မရာ၊ 2MP depth နဲ့ 2MP macro ကင်မရာတွေပဲ ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Selfie ကင်မရာကို Waterdrop Notch နဲ့အတူ တပ်ဆင်ပေးထားပါတယ်။ 6.5-inch LCD မျက်နှာပြင်ဟာ HD+ ရုပ်ထွက်၊ 90Hz refresh rate နဲ့အတူ 180Hz touch sampling rate တို့ကို ယူဆောင်လာပေးပါတယ်။

ကုမ္ပဏီရဲ့ဖော်ပြမှုအရ Nokia G11 ရဲ့ 5,050mAh ဘက်ထရီဟာ 18W အားသွင်းစနစ်ကိုထောက်ပံ့ထားပြီး သုံးရက်အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ စိတ်မကောင်းစရာကတော့ ဘူးထဲမှာ 10W adapter ပဲ ပါလာမှာဖြစ်ပြီး 18W သုံးချင်ရင်တော့ သပ်သပ်ဝယ်ရပါလိမ့်မယ်။

Nokia G11 ကို Security updates သုံးနှစ်နဲ့ အဓိက OS update နှစ်ကြိမ် ထောက်ပံ့ပေးမယ်လို့ ကတိပေးထားပါတယ်။ ထွက်လာတာကတော့ Android 11 နဲ့ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဥရောပမှာ €159 ဖြစ်ပြီး (ဒီသတင်းကို စတင်ဖော်ပြချိန် ငွေဈေးနဲ့ဆို မြန်မာငွေ ၃ သိန်း ၂ သောင်းဝန်းကျင်) Ice Blue ဒါမှမဟုတ် Charcoal Grey အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

Ref: GSM Arena