Samsung ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းဟာ Apple iPhone တွေထက်  ရောင်းအား ပိုကောင်းပြီး ၂၀၂၁ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်လာတယ်ဆိုတာ ယုံချင်စရာ မကောင်းပါဘူး။ ဒါဟာ တကယ် ဖြစ်လာတာ ဖြစ်ပြီး အဲဒီဖုန်းက Samsung Galaxy A12 ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှာ ရောင်းချခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အလုံးရေ သန်း ၅၀ ကျော်တောင်ရောင်းချနိုင်ခဲ့တာပါ။

Omdia Smartphone market tracker

Omdia ရဲ့ စစ်တမ်းအရ Samsung Galaxy A12 ဟာ ၂၀၂၁ ခုနှစ်မှာ ၅၁.၈ သန်းနဲ့ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပြီး iPhone 12 ကတော့ နံပါတ် ၂ နေရာပဲရခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက iPhone 12 ရဲ့ ဈေးနှုန်းဟာ Galaxy A12 ထက် ၅ ဆ ပိုများပြီး ပျမ်းမျှရောင်းဈေးအနေနဲ့ Galaxy A12 ဟာ ၁၆၀ ဒေါ်လာနဲ့ iPhone 12 ဟာ ၈၅၁ ဒေါ်လာ ရှိပါတယ်။

Galaxy A12 Nacho black 64 GB | Samsung Levant

iPhone 12 အကြောင်းပြောရရင် ၂၀၂၁ ခုနှစ်မှာ အလုံးရေ ၄၁.၇ သန်း ရောင်းချနိုင်ခဲ့ပြီး နံပါတ် ၃ နေရာကို iPhone 13 က ၃၄.၉ သန်းနဲ့ ရထားပါတယ်။ iPhone 11 က ၃၃.၆ သန်းနဲ့ နံပါတ် ၄ မှာ ရှိနေပါတယ်။

နံပါတ် ၅ နေရာကို ရထားတာက စွမ်းရည်နိမ့် Redmi 9A ဖြစ်ပြီး ၇၈ ဒေါ်လာပဲ ရှိတာကြောင့် အဲဒီစာရင်းမှာ ပါတဲ့ တန်ဖိုးအနည်းဆုံး ဖုန်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ iPhone 12 Pro Max, iPhone 13 Pro Max , iPhone 12 Pro နဲ့ iPhone 13 Pro တို့ အသီးသီး ရပ်တည်နေပြီး အဲဒီ ဖုန်း စာရင်းမှာ ဈေးအများဆုံးက iPhone 13 Pro Max ဖြစ်ပါတယ်။

Samsung ရဲ့ တန်ဖိုးနည်း A Series ဖုန်းတွေဟာ လူကြိုက်အရမ်းများတယ်ဆိုတာ ဒီစာရင်းက သက်သေပြနေပါတယ်။ ၂၀၁၉ ကစကာ ကုမ္ပဏီဟာ J Series ထက် A Series ကို ပိုမို အာရုံစိုက်လာခဲ့ပြီး အဲဒီအချိန်ကတည်းက A Series ရဲ့ ဈေးကွက်ဝေစုဟာ ပုံမှန် တိုးတက်လာခဲ့ပါတယ်။

Ref : gizmochina