လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ပြုလုပ်သွားမယ့် Mobile World Congress 2020 Event က နောက်ထပ်သတင်းဆိုးတစ်ခုနဲ့ ကြုံတွေ့ရလိုက်ပြန်ပါပြီ။ ဒါကတော့ Nvidia ကနေ လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် MWC 2020 Event ကို ပါဝင်ခြင်းမရှိတော့ဘူးဆိုပြီး ကြေညာလိုက်တာဖြစ်ပါတယ်။

Nvidia ရဲ့ ကြေညာချက်အရတော့ လက်ရှိတရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ကြောင့် ဝန်ထမ်းတွေရဲ့ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် အခုလိုမျိုး ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ Nvidia ရဲ့ Official Statement အရဆိုရင် အခုဆုံးဖြတ်ချက်ကို နောင်တရတယ်ဆိုပေမယ့် ဒါကမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ ရေးသားထားခဲ့ပါတယ်။

Nvidia ဟာ အရှေ့က LG ၊ ZTE နဲ့ Ericsson လိုမျိုး ကုမ္ပဏီတွေအပြီး MWC 2020 Event ကို တက်ရောက်ခြင်းမရှိတဲ့ စတုတ္ထမြောက်ကုမ္ပဏီဖြစ်လာပါတယ်။ အစောပိုင်းမှာ Nvidia ကနေ MWC 2020 Event မှာ Sessions ၁၀ ခုအပြင် AII ၊ 5G နဲ့ Edge Computing တွေကိုပြသသွားမယ့် AI Edge Innovation Center တွေကိုပါ ပြုလုပ်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဝူဟန်ဗိုင်းရပ်စ်ဟာ ကူးစက်ခံရသူ အယောက် ၃၅,၀၀၀ ဝန်းကျင်ရှိနေပြီးတော့ သေဆုံးသူ အယောက် ၇၀၀ ဝန်းကျင်ရှိနေတဲ့အတွက် စိုးရိမ်ဖွယ်အခြေအနေကို ရောက်ရှိနေပြီလို့ ပြောရမှာပါ။

Ref – The Verge